(၂၁) ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ ၂၀၂၀ ကျင်းပမည်

(၂၁) ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ ၂၀၂၀ အတွက် လျှောက်လွှာတွေကို
ဩဂုတ် ၂၀ ရက် မှ စက်တင်ဘာ ၁၁ ရက် အတွင်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲအတွက် ပဏာမရွေးချယ်ခြင်းကို အောက်တိုဘာ ၄ ရက်မှာ MAJA မန္တလေးရုံးခွဲ (MABA Center အတွင်း) မှာ ကျင်းပသွားမှာ ဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်မှာ ရန်ကုန်မြို့ရှိ MAJA ရုံးခန်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတွေဟာ အသက် ၁၆ နှစ် မှ ၃၀ နှစ် အတွင်းဖြစ်ဖို့ လိုအပ်ပြီး မြန်မာနိုင်ငံသားဖြစ်ရမှာ ဖြစ်ပါတယ်။ ဂျပန်ဘာသာသင်ကြားနေတဲ့ ဆရာ၊ ဆရာမ တွေ၊ အချိန်ပိုင်းနဲ့လုပ်အားပေးသူတွေ ယခင်ကျင်းပခဲ့ဖူးတဲ့ ဂျပန်ဘာသာစကားပြောပြိုင်ပွဲမှာ ဆုရရှိဖူးထားသူတွေ ပါဝင်ခွင့်မရှိဘူးလို့ သိရပါတယ်။
ပွဲနေ့မှာ ပြောကြားမယ့် အကြောင်းအရာကို ပဏာမရွေးချယ်ရာတွင် ပြောကြားရမှာဖြစ်ပြီး အမေးအဖြေများ ပြုလုပ်၍ စိစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ တူညီတဲ့ စံသတ်မှတ်ချက်နဲ့ အမှတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ အမှတ်အများဆုံးရတဲ့ ပြိုင်ပွဲဝင် ၁၅ ဦးဟာ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

ပဏာမအဆင့်ရွေးချယ်မှုရလဒ်တွေကို ပြိုင်ပွဲဝင်များထံ ဆက်သွယ် အကြောင်းကြားမှာဖြစ်ပြီး သက်ဆိုင်ရာ ပွဲစီစဉ်ကျင်းပတဲ့ အဖွဲ့အစည်းတွေရဲ့ Facebook စာမျက်နှာမှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
လျှောက်လွှာဖောင်မှာ လိုအပ်ချက်တွေကို ဖြည့်စွက်ပြီး [email protected] သို့ ပေးပို့လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်ကို မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) ဖုန်း – ၀၉၄၂၈၆၁၂၁၅၁ နဲ့ ၀၉၂၆၂၆၀၂၁၂၁ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။