၂၀၂၁ ခုနှစ် အမေရိကန်-အာဆီယံ ဧည့်ပညာရှင်ပညာသင်ဆု အစီအစဉ် အတွက် လျှောက်လွှာခေါ်ယူ

၂၀၂၁ ခုနှစ် အမေရိကန်-အာဆီယံ ဧည့်ပညာရှင်ပညာသင်ဆု အစီအစဉ် (2021 Fulbright US-ASEAN Visiting Scholar Program) ကို နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။

ပညာသင်ဆု အစီအစဉ်အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၂ ခုနှစ် အတွင်း ၃-၄ လကာလ၊ ဖြစ်နိုင်ပါက ဇန်နဝါရီမှ မေလ အထိ နယ်ပယ်ကဏ္ဍပေါင်းစုံမှ ဘာသာရပ်ဆိုင်ရာပညာရှင်များ သို့မဟုတ် သက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်သူများကို အမေရိကန်ပြည်ထောင်စုမှာ သုတေသနပြုလုပ်နိုင်စေမယ့် အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ ဧည့်ပညာရှင်ဟောပြော ပို့ချချက်များ၊ နှီးနှောဖလှယ်ပွဲများ သို့မဟုတ် ပညာရှင်များ သို့မဟုတ် သက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်သူများရဲ့ ညီလာခံများတွင်ပါဝင်တက်ရောက် ဆွေးနွေးမှုများကတစ်ဆင့် အမေရိကန်-အာဆီယံ ဆက်ဆံရေးအပေါ်ကို သက်ရောက်မှုရှိစေသော အရေးကြီးသည့်အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ အာဆီယံအမြင်ရှုထောင့်တစ်ခုကို မျှဝေနိုင်မှာဖြစ်ပါတယ်။

ပညာသင်ဆုကို တက္ကသိုလ်ဆရာ၊ ဆရာများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍ၊ အကြံပေးအဖွဲ့အစည်းများမှ ကျွမ်းကျင်သူပညာရှင်များနဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်း (အန်ဂျီအို) များမှ ဝန်ထမ်းများလျှောက်ထားနိုင်ပြီး ပညာရေး၊ ငွေကြေးဆိုင်ရာစျေးကွက်ပေါင်းစပ်ခြင်း၊ အစားအသောက်နည်းပညာ၊ အစားအစာဘေးကင်းလုံခြုံရေး၊ ဘဏ်လုပ်ငန်းများထိန်းကျောင်းခြင်း၊ သတင်းအချက်အလက်သိပ္ပံ၊ သတင်းအတတ်ပညာ၊ ဥပဒေ၊ ပြည်သူ့ရေးရာ အုပ်ချုပ်မှု၊ ပြည်သူ့ကျန်းမာရေး/ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး၊ စာရင်းအင်းပညာ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်တွေကို လေ့လာရမှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ RangoonUSECA@state.gov သို့အီးမေးလ်ပို့ကာ လျှောက်လွှာတွေကို တောင်းခံနိုင်ပြီး ဖြည့်စွက်ပြီးတဲ့ လျှောက်လွှာတွေကိုလည်း RangoonUSECA@state.gov ကို အီးမေးလ်ဖြင့်သာ ပြန်လည် ပေး ပို့ရမှာဖြစ်ပါတယ်။ အသေးစိတ်ကို https://mm.usembassy.gov/education-cu…/scholarship-programs/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««