၂၀၂၀ အတွင်း ငွေလွှဲပမာဏ မြန်မာကျပ်ငွေ ၁၂ ထရီလီယံအထိ ရောက်ရှိခဲ့ဟု Wave Money ထုတ်ပြန်

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံအတွင်း ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို လျင်မြန်စွာ လက်ခံအသုံးပြုလာကြသည်နှင့်အမျှ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာကျပ်ငွေ ၁၂ ထရီလီယံ (အမေရိကန် ဒေါ်လာ ၈.၇ ဘီလီယံ) အထိ လွှဲပေးခဲ့ရတယ်လို့ Wave Money ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ပမာဏမှာ ယခင်နှစ်ရဲ့ ငွေလွှဲပမာဏ မြန်မာကျပ်ငွေ ၆.၄ ထရီလီယံ (အမေရိကန် ဒေါ်လာ ၄.၃ ဘီလီယံ) ထက် နှစ်ဆ မြင့်တက်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရဲ့ ၂၀၂၀ ခုနှစ် ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး စုစုပေါင်း (GDP) အမေရိကန်ဒေါ်လာ ၇၅.၅ ဘီလီယံရဲ့ ၁၁.၅% ဖြစ်တယ်လို့ သိရပါတယ်။ “ကိုဗစ်-၁၉ ဆိုင်ရာ ပံ့ပိုးကူညီမှုတွေအပြင် ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးလည်ပတ်မှုအတွက်လည်း အထောက်အပံ့ ပေးနိုင်ခဲ့ပါတယ်။

ပြည်သူလူထုအနေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေ၊ အသုံးအဆောင်ပစ္စည်းတွေအတွက် ငွေပေးချေမှုတွေ၊ အစားအစာနဲ့ ပစ္စည်းဝယ်ယူမှုတွေကို ဒီဂျစ်တယ်အကူအညီနဲ့ ဘေးအန္တရာယ်လုံခြုံမှုရှိစွာ ဆောင်ရွက်နိုင်ဖို့ လိုအပ်လာပါတယ်။ ဒီလိုလိုအပ်လာမှုက စီးပွားရေး လုပ်ငန်းတွေ အထူးသဖြင့် အသေးစား နဲ့ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းတွေ ဆက်လက်ရပ်တည်နိုင်စေဖို့ အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပြီး ကျွန်တော်တိုအားလုံး အကောင်းဆုံး လုပ်ဆောင်လျက် နေ့စဉ်ဘဝကို ဆက်လက်ရပ်တည်နိုင်စေမှာ ဖြစ်ပါတယ်” လို့ Brad Jones က ပြောပါတယ်။

၂၀၂၀ ခုနှစ်ဆိုင်ရာ ကိန်းဂဏန်းများအရ ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်ပွားခဲ့သော ၂၀၂၀ ခုနှစ်၊ ဧပြီလ မှ ဇွန်လအတွင်း လှူဒါန်းမှုများနှင့် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့တဲ့ပမာဏမှာ မြန်မာကျပ်ငွေ ၃၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၄ မီလီယံ) အထိ ရှိခဲ့ပြီး ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ Wave Money ရဲ့ ဒစ်ဂျစ်တယ်အက်ပလီကေးရှင်း WavePay အား လစဉ်အသုံးပြုသူဦးရေ ၁.၅ မီလီယံကျော် အထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««