၂၀၂၀ မှာ စွမ်းဆောင်ရည်မြန်ဆန်တဲ့ဖုန်းတွေကို ထုတ်လုပ်သွားမယ့် Motorola

Motorola အနေနဲ့ Qualcomm ရဲ့နောက်ဆုံးပေါ် ပရိုဆက်ဆာတွေ မိတ်ဆက်မှုအတွင်း ၂၀၂၀ ခုနှစ်ကျရင် အလွန်မြန်ဆန်တဲ့ဖုန်းတွေ ထုတ်လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ Motorola အနေနဲ့ ခေတ်သစ်ဒီဇိုင်းနဲ့ Razr ခေါက်စမတ်ဖုန်းကို မိတ်ဆက်ထားပေမယ့် အလယ်အလတ်တန်းစား ပရိုဆက်ဆာကိုပဲ အသုံးပြုထားပါတယ်။ Razr ဟာ ဒီဇိုင်းနဲ့ စိတ်ကူးပိုင်းမှာ Moto G-series ဖုန်းတွေထက် သာလွန်ပါတယ်။

အနာဂတ် Motorola ထုတ်ကုန်တွေမှာ Snapdragon 865 နဲ့ 765 ချစ်ပ်တွေပါဝင်လာမယ်လို့ သိရပါတယ်။ “ဒီနေ့မှာ ထုတ်ပြန်ခဲ့တဲ့ နည်းပညာတွေကြောင့် ၂၀၂၀ ခုနှစ် အစောပိုင်းမှာ အဆင့်မြင့်ထုတ်ကုန်တွေကို ကြေညာနိုင်ပါပြီ” လို့ Motorola မိုဘိုင်းလုပ်ငန်း ဥက္ကဋ္ဌဖြစ်သူ ဆာဂျီယိုဘူနီယက်က ဟာဝိုက်အီမှာ ပြုလုပ်ခဲ့တဲ့ Snapdragon စည်းဝေးပွဲအတွင်း စင်ပေါ်မှာဆွေးနွေးခဲ့ပါတယ်။ Motorola အနေနဲ့ 765 (5G ချိတ်ဆက်မှု ပေါင်းစပ်ထား) နဲ့အတူ ကမ္ဘာတစ်ဝန်း ထုတ်ကုန်တွေ ဖြန့်ချိဖို့ ပြင်ဆင်နေပါတယ်။ Motorola အနေနဲ့ Qualcomm ရဲ့ ပရိုဆက်ဆာပါဝင်တဲ့ အမြန်ဆန်ဆုံး ဖုန်းကို ထုတ်လုပ်ဖို့ ကတိပြုထားပြီး Snapdragon 865 ပရိုဆက်ဆာကိုအသုံးပြုမယ်လို့ သိရပါတယ်။ Motorola က 5G မြန်နှုန်း 5Gbps ကျော်လွန်မယ်လို့ ပြောကြားပါတယ်။ ဒါပေမဲ့ ပြင်ပကမ္ဘာအတွင်းက 5G စမ်းသပ်မှုက 5Gbps အထိ မရောက်သေးပါဘူး။

ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ပြုလုပ်မယ့် Mobile World Congress ပြပွဲမှာ Motorola အနေနဲ့ ဘယ်လိုဖုန်းအမျိုးအစားတွေ မိတ်ဆက်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge