၂၀၂၀ မှာထွက်ရှိမယ့် iPad Pro အကြောင်း သိသင့်သမျှ

၂၀၂၀ မှာ iPad Pro ထုတ်ကုန်သစ် ထွက်ရှိနိုင်ပါတယ်။ ဒီနှစ်မှာ ထွက်ရှိမယ့် iPad Pro မှာ augmented reality လုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်ဖွယ်ရှိပါတယ်။ iPad Pro နဲ့ပတ်သက်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ထုတ်ကုန်သစ်ထွက်ရှိတဲ့အခါ ပါဝင်နိုင်တဲ့ feature တွေကို ခန့်မှန်းဖော်ပြပေးလိုက်ပါတယ်။

iPad Pro ဗားရှင်းသစ်ကို ၂၀၁၈ ခုနှစ် နှောင်းပိုင်းမှာ ဒီဇိုင်းသစ်နဲ့ ဖြန့်ချိခဲ့ပါတယ်။ အဲဒီထုတ်ကုန်မှာ edge-to-edge display နဲ့ Face ID ထောက်ပံ့မှုတို့ ထည့်သွင်းခဲ့ပါတယ်။ ၂၀၁၉ မှာတော့ Apple က software ပိုင်းကို အာရုံစိုက်လုပ်ကိုင်ခဲ့ပြီး iPadOS ကိုဖြန့်ချိလိုက်ပါတယ်။ ဒီနှစ်မှာ iPad Pro ရဲ့ hardware ပိုင်းကို အာရုံစိုက်လုပ်ကိုင်ဖွယ်ရှိပါတယ်။

iPad Pro ဒီဇိုင်း

OnLeaks ကထွက်ပေါ်လာတဲ့ ပေါက်ကြားထွက်ပေါ်မှုအရ iPad Pro ရဲ့ ဒီဇိုင်း အကြီးအကျယ် ပြောင်းလဲထားဖွယ် ရှိပါတယ်။ ၂၀၁၈ခုနှစ်က မိတ်ဆက်ခဲ့တဲ့ iPad Pro ဒီဇိုင်းဟာ ခေတ်မီပါတယ်။ Apple အနေနဲ့ ၁၂.၉ လက်မအရွယ် iPa Pro မှာ mini-LED နည်းပညာကို ပြောင်းလဲအသုံးပြုဖွယ်ရှိပါတယ်။ ဒါကြောင့် Apple ထုတ်ကုန်ဟာ ပိုမိုပါးလွှာ ပေါ့ပါးလာပါမယ်။

ကင်မရာ

iPad Pro ၂၀၂၀ မော်ဒယ်ရဲ့ ကျောဘက်ကင်မရာမှာ lens ၃ ခုပါဝင်တဲ့ ကင်မရာအသုံးပြုနိုင်ပါတယ်။ ကင်မရာစွမ်းဆောင်ရည်လည်း ပိုမိုတိုးတက်လားပြီး augmented reality feature တွေလည်း ပါဝင်လာနိုင်ပါတယ်။

Apple က iPhone 11 Pro မှာအသုံးပြုထားတဲ့ lens ကင်မရာကိုပဲ iPad Pro မှာအသုံးပြုဖွယ်ရှိပါတယ်။ iPad Pro မှာ time-of-flight 3D sensor ပါဝင်လာနိုင်တယ်လို့ Apple နာမည်ကျော် လေ့လာဆန်းစစ်သူ မင်ချီကူက ပြောခဲ့ပါတယ်။ အဲဒီ sensor က augmented reality နဲ့ depth perception feature တွေများစွာကို ပေါ်ပေါက်လာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် 3D ဓာတ်ပုံရိုက်ကူးတာထက် ပိုမိုအဆင့်မြင့်တဲ့ augmented reality app အသစ်တွေကို အသုံးပြုနိုင်ပါမယ်။

စွမ်းဆောင်ရည်

၂၀၁၈ iPad Pro မှာ Apple ရဲ့ A12X Bionic ပရိုဆက်ဆာ အသုံးပြုခဲ့ပါတယ်။ iPad Pro မော်ဒယ်သစ်မှာတော့ စွမ်းဆောင်ရည်မြင့်မားတဲ့ chipset ပါဝင်လာနိုင်ပါတယ်။

Apple အတွက် ချစ်ပ်ထုတ်လုပ်ပေးတဲ့ TSMC ဟာ iPhone 12 အတွက် A14 ချစ်ပ်ကို ဒုတိယသုံးလပတ်အတွင်း စတင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် iPad Pro မှာလည်း iPhone 11 မှာအသုံးပြုထားတဲ့ A13 ပရိုဆက်ဆာကို ပြန်လည်သန့်စင်ပြီး ထည့်သွင်းနိုင်ပါတယ်။ အဲဒီပရိုဆက်ဆာကို A13X Bionic အဖြစ် ရည်ညွှန်းဖွယ်ရှိပါတယ်။

ဒီနှစ်မှာ 5G ထောက်ပံ့ထားတဲ့ iPad Pro ထွက်ပေါ်လာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ရှိနေပါတယ်။ ဒါပေမဲ့ Apple အနေနဲ့ iPhone မတိုင်မီ iPad မှာ 5G ကိုထည့်သွင်းနိုင်ဖွယ်မရှိပါဘူး။ Apple ဟာ Qualcomm ရဲ့ modem တွေအသုံးပြုပြီး ဒီနှစ်နှောင်းပိုင်းမှာ iPhone အတွက် 5G ထောက်ပံ့မှုကို ထည့်သွင်းဖွယ်ရှိပါတယ်။

Smart Keyboard

သတင်းတွေအရ Apple ဟာ iPad Pro အတွက် Smart Keyboard ဗားရှင်းအသစ်ကို ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာတော့ iPad Pro အတွက် ထုတ်လုပ်ထားတဲ့ Smart Keyboard Folio မှာတော့ အထည်သားနဲ့ ဖန်တီးထားတဲ့ခလုတ်တို့ ပါဝင်လာပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ Smart Keyboard Folio ကတော့ Brydge Keyboard တို့နဲ့ ယှဉ်ပြိုင်ဖွယ်ရှိပြီး iPad Pro ထုတ်ကုန်သစ်ကိုလည်း ပရော်ဖက်ရှင်နယ်ဆန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

ထွက်ရှိမယ့်ရက်

Apple ရဲ့ ၂၀၂၀ iPad Pro ဟာ ဒီနှစ် ပထမပိုင်းမှာ ထွက်ရှိနိုင်တယ်လို့ မင်ချီကူက ပြောကြားထားပါတယ်။ မတ်လအတွင်း iPhone 9 နဲ့ iPad Pro တွေကို မိတ်ဆက်နိုင်တဲ့ မတ်လပွဲတစ်ခုရှိပါသေးတယ်။ Apple အနေနဲ့ iPad Pro ကို WWDC ပွဲမှလည်း မိတ်ဆက်နိုင်ခြေရှိပါတယ်။

လက်ရှိ iPad Pro မော်ဒယ်တွေကို ၁၁ လက်မ အတွက် ၇၉၉ ဒေါ်လာနဲ့ ၁၂.၉ လက်မအတွက် ၉၉၉ ဒေါ်လာနဲ့ ရောင်းချပေးနေပါတယ်။ Apple ဟာ ဒီနှစ်မှာ ဖြန့်ချိမယ့် iPad Pro မော်ဒယ်ဈေးနှုန်းကို မြှင့်တင်နိုင်ပါသေးတယ်။

စိုးထက်
Ref: 9to5Mac