၂၀၂၀ ပြည့်နှစ် ယူနက်စကို ကမ္ဘာ့ပညာရေးအစည်းအဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ် ယူနက်စကို ကမ္ဘာ့ပညာရေးအစည်းအဝေးကို အောက်တိုဘာ ၂၂ ရက်က Zoom Webinar နဲ့ ကျင်းပခဲ့ပါတယ်။

ဒီဂျစ်တယ်နည်းပညာ အသုံးပြု၍ ပညာသင်ယူနိုင်ရေး အတွက် ဝန်ကြီးဌာန အနေဖြင့် ကျောင်းများ၊ တက္ကသိုလ်များအား နည်းပညာနှင့် အခြေခံအဆောက်အအုံများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားဒေသများ၊ ဖွံ့ဖြိုးမှု အားနည်းသော ဒေသများနှင့် အထူးလိုအပ်လျက် ရှိသောဒေသများတို့ကို ဦးစားပေး ဖြည့်ဆည်း ဆောင်ရွက်နေကြောင်းနဲ့ ပညာရေး အထူးဝန်ဆောင်မှုအစီအစဉ် (Special Needs Education Programme) ကိုလည်း စတင်ဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း၊ အမျိူးသားပညာရေးဥပဒေတွင် အစိုးရအသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းကို ပညာရေးဘတ်ဂျက်တွင် ခွဲဝေသုံးစွဲနိုင်စေရန် အားပေးထားကြောင်း၊ နိုင်ငံတော်အစိုးရက အမျိုးသားပညာရေးဥပဒေနှင့်အညီ နှစ်စဉ် ပညာရေးအသုံးစရိတ်များ တိုးမြှင့်ပေးလျက်ရှိသဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုကို အရည်အသွေးမြင့်မားလာရေးအတွက် ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်-၄ (SDG-4) ၏ အညွန်းကိန်းများ ပြည့်မီရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ နည်းပညာနှင့် ဘဏ္ဍာငွေ အထောက်အပံ့များဖြင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုအတွက် ပညာရေး (Education for Sustainable Development – ESD)ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း၊ ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း စုပေါင်းအင်အားဖြင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြမည်ဆိုလျှင် ကမ္ဘာ့ကပ်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချကာ အရည်အသွေးရှိသောပညာရေးကို ဖော်ဆောင်နိုင်မည်ဟုလည်း ယုံကြည်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

အစည်းအဝေးတွင် ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms Audrey Azoulay ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr António Guterres ၊ နော်ဝေနိုင်ငံဝန်ကြီးချုပ် H.E. Ms Erna Solberg ၊ ဂါနာနိုင်ငံ သမ္မတ H.E. Mr Nana Akufo-Addo ၊ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး H.E. Ms Baroness Sugg တို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပညာရေး အစည်းအဝေးကြေညာစာတမ်းကို ရှင်းလင်းဆွေးနွေးကာ ဆရာများအသင်းအဖွဲ့၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ ထို့နောက် နိုင်ငံအကြီးအကဲ (၁၄) ဦး၊ အထူးဧည့်သည်တော် (၁၄) ဦး၊ အာရှပစိဖိတ်ဒေသမှ ဝန်ကြီး (၁၀) ဦး၊ အာရပ်နိုင်ငံများမှ ဝန်ကြီး (၈) ဦး၊ ဥရောပနှင့် မြောက်အမေရိကမှ ဝန်ကြီး (၁၉) ဦး၊ အာဖရိကမှ ဝန်ကြီး (၁၆) ဦး၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသမှ ဝန်ကြီး (၁၁) ဦးတို့က Reimagine and Re-commit to Education ခေါင်းစဉ်ဖြင့် တစ်ဦးချင်း ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««