၂၀၂၀ ပြည့်နှစ်အတွင်း ခေတ်စားမည့် အလုပ်များကို လွယ်ကူစွာရှာဖွေခြင်း

၂၀၂၀ ပြည့်နှစ်သည် ၂၁ ရာစုအတွင်းသို့ နှစ်ပေါင်း ၂၀ တိတိ ချင်းနင်းဝင်ရောက်လာသော နှစ်တစ်နှစ်ဖြစ်ပါသည်။ ၂၁ ရာစုသည် ကုန်လွန်ခဲ့သော ၂၀ ရာစုနှင့် မတူညီသော စိန်ခေါ်မှုအသစ်များဖြင့် လူသားများကို ဆီးကြိုနေပါသည်။ စိန်ခေါ်မှုများစွာထဲမှ လူသားများ အသက်ရှင်သန်ရပ်တည် နိုင်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ စိန်ခေါ်မှုသည် အကြီးမားဆုံးတစ်ခု ဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထို့ကြောင့် ၂၀၂၀ပြည့်နှစ်အတွင်း ခေတ်စားပြီး လိုအပ်ချက် မြင့်မားနေသော အလုပ်အကိုင်အခွင့်အလမ်းများကို စတင်ရှာဖွေ ကြည့်ပါမည်။

အလုပ်လိုချင်သူတွေက ဘာတွေဖြည့်ဆည်းထားရမလဲ

အလုပ်အကိုင်ကောင်းကောင်း တစ်ခုကို ဆုပ်ကိုင်မိပြီးတည် ငြိမ်သည့်ဘဝကို တည်ဆောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားစရာများရှိပါသည်။ အဆိုပါ ကြိုတင်ပြင်ဆင်မှုများသည် အလုပ်ရှင်များ၏ လိုအပ်ချက်နှင့် တစ်ထပ်တည်းကျရန် တွက်ဆနိုင်ရေးမှာ အလွန်အရေးကြီးပါသည်။

ရိုးရှင်းစွာစဉ်းစားပြီး ပြင်ဆင်ထားရန်မှာ မိမိကအလုပ်ရှင်ဖြစ်လျှင် မိမိကိုယ်တိုင် ဘယ်လိုဝန်ထမ်းမျိုးကို လိုချင်သလဲဆိုသော မေးခွန်းကို ဖြေဆိုကြည့်နိုင်ပါသည်။ လုပ်ငန်းသဘာဝပေါ် မူတည်ပြီး ဝန်ထမ်းခန့်ရမည်ဖြစ်သော်လည်း ဝန်ထမ်းကောင်းများတွင်ရှိသင့်သည့် အတတ်ပညာ၊ အသိပညာများကို ဖြည့်ဆည်းထားနိုင်ရေးသာ အရေးအကြီးဆုံးဖြစ်ပါသည်။

မိမိတို့ လုပ်ကိုင်ချင်သော လုပ်ငန်းနှင့်ပတ်သက်သည့် ဘွဲ့ဒီဂရီ၊ ဒီပလိုမာ၊ အောင်လက်မှတ်များနှင့် လုပ်ငန်းကျွမ်းကျင်မှုများကို ကြိုတင်ဖြည့်ဆည်းထားရန် လိုအပ်သည်။ ထို့အပြင် ၂၀၂၀ ပြည့်နှစ်တွင် ခေတ်စားမည့် အလုပ်အကိုင်များကိုလည်း ကြိုတင်လေ့လာပြီး သင်ယူတတ်မြောက်ထားလျှင် အလုပ်ရရှိပြီး တည်မြဲရေးတွင်အခြား သူများထက် အခွင့်အလမ်း ပိုမိုမြင့်မားနိုင်ပါသည်။

၂၀ ရာစုအလွန် ၂၁ ရာစုနှစ်များအတွင်း အာရှနိုင်ငံများတွင် ခေတ်စားနိုင်သော လုပ်ငန်းအမျိုးအစား (၁၁) မျိုးကို ကမ္ဘာ့နိုင်ငံများရှိ ထင်ရှားသော စီးပွားရေးပါရဂူများနှင့် လုပ်ငန်းရှင်ကြီးများထံ စင်္ကာပူနိုင်ငံမှ ပညာရှင်များက မေးမြန်းပြီး ၎င်းတို့၏ဆန္ဒသဘောထားများ ရယူကာ စာတမ်းတစ်စောင်ပြုစုခဲ့ကြသည်။

အဆိုပါ စာတမ်းအရ ကွန်ပျူတာအသုံးပြုရသော သတင်းစက်မှုအတတ်ပညာ (Information Technology) သည် ဝန်ထမ်းလိုအပ်ချက် နံပါတ်တစ်အဖြစ် ထိပ်ဆုံးတွင် ရပ်တည်ကာ လုပ်ငန်းအားလုံး အလုပ်လိုအပ်ချက်၏ ၃၇ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။

အဆိုပါ လုပ်ငန်းခွင်နောက်တွင် အစဉ်လိုက်ရှိသော လုပ်ငန်းများမှာ ဘဏ်/ဘဏ္ဍာရေးလုပ်ငန်း၊ ရောင်းဝယ်မှု/ ကြော်ငြာလုပ်ငန်း၊ ထုတ်ကုန်၊ သွင်းကုန်လုပ်ငန်း၊ ဥပဒေဆိုင်ရာလုပ်ငန်း၊ မြေအဆောက်အအုံလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း၊ စာသင်ကြားခြင်းနှင့် အကြံပေးလုပ်ငန်း၊ ဟိုတယ်/စားသောက်ကုန်လုပ်ငန်းနှင့် အစိုးရဝန်ထမ်းတို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွင်း အထက်ပါလုပ်ငန်း အားလုံး၏ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်ချက်ရာခိုင်နှုန်းသည် အနည်းငယ်ပြောင်းလဲ ကောင်းပြောင်းလဲနိုင်သော်လည်း လုံးဝမှေးမှိန်သွားနိုင်သော လုပ်ငန်းများ မရှိနိုင်ကြောင်း မိမိတို့နိုင်ငံ၏ လက်ရှိ အခြေအနေများက ဖော်ပြနေပါသည်။

ယနေ့ခေတ်တွင် လူတိုင်း လက်ကိုင်ဖုန်းကို ကိုင်တွယ်တတ်သကဲ့သို့ လက်ပ်တော့နှင့် စားပွဲတင်ကွန်ပျူတာကို ကောင်းမွန်စွာအသုံးပြုတတ်ရန် လိုအပ်ပါသည်။ ကွန်ပျူတာကို အသုံးပြုပြီးလုပ်ငန်းတာဝန်များကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်တတ်သော ဝန်ထမ်းကို လုပ်ငန်းရှင်တိုင်း နှစ်သက်တတ်ကြပါသည်။

ထို့ကြောင့် မိမိလိုချင်သော အလုပ်အကိုင်တစ်ခုကို လွယ်လွယ်ကူကူရနိုင်ရန် မရှိမဖြစ်တတ်မြောက်ထားရမည့် ပထမဆုံးလိုအပ်ချက်မှာ ကွန်ပျူတာကို အသုံးပြုတတ်ခြင်းဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အထက်ပါလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်နှင့် ထိုမှတစ်ဆင့် ကျွမ်းကျင်တတ်မြောက်ရန် ဆက်လက်လေ့လာရေးအတွက် ပြတင်းပေါက်သည် ကွန်ပျူတာပင်ဖြစ်နေပါသည်။ သို့မှသာ မိမိတို့လုပ်ငန်းခွင်နှင့် ပတ်သက်သော နောက်ဆုံးပေါ်နည်းစနစ်များနှင့် သတင်းအချက်အလက်များကို အင်တာနက်မှရရှိကာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးချနိုင်မည်ဖြစ်ပေသည်။

ဒုတိယလိုအပ်ချက်မှာ ဘာသာစကားတစ်မျိုးမျိုး၊ အထူးသဖြင့် အင်္ဂလိပ်ဘာသာစကားကို ဆက်သွယ်ပြောဆိုရေးသားတတ်ရေး ဖြစ်ပါသည်။

နောက်တစ်ဆင့်တက်ပြီး စာရင်းအင်း အခြေခံတွက်ချက်တတ်မှု၊ အွန်လိုင်းအသုံးပြု၍ ဈေးကွက်ရှာဖွေ ချိတ်ဆက်ရောင်းဝယ်တတ်မှု၊ စီမံခန့်ခွဲတတ်မှုနှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှုလည်း လိုအပ်ပေသည်။

အလုပ်နေရာတစ်ခု ခန့်အပ်ရန် လုပ်ငန်းရှင်က အင်တာဗျူးချိန်တွင် သူတို့လုပ်ငန်းတွင် ဝန်ထမ်းဖြစ်မည့်သူ၏ စိတ်ဓာတ်အခြေအနေနှင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာ ပေါင်းသင်းဆက်ဆံတတ်မှု ရှိ၊မရှိကို အကဲခတ်လေ့ရှိပါသည်။

ထို့ကြောင့် လူမှုပေါင်းသင်းဆက်ဆံရေး နီတိများကို လေ့လာသိရှိထားရန်လည်း လိုအပ်ပါသည်။

အလုပ်ရှင်တွေက ဘယ်လိုဝန်ထမ်းမျိုးကို လိုချင်လဲ

အလုပ်ရှင်များသည် သူတို့လိုအပ်သော ဝန်ထမ်းများကိုရွေးချယ်ရာတွင် လုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်ငန်းနှင့်ပတ်သက်သော ဗဟုသုတရှိမှုအပေါ် ယခင်ကဦးစားပေးခဲ့ကြသည်။ သို့ရာတွင် အဆိုပါဝန်ထမ်းများကို အလုပ်ခန့်ပြီးနောက် ၎င်းတို့၏ လုပ်ငန်းအပေါ်ခံယူထားသော စိတ်နေသဘောထားသည် လုပ်ငန်းခွင်အတွင်း ပဓာနကျကြောင်း တွေ့ရှိလာသည်ဟု လုပ်ငန်းရှင်များကဆိုသည်။

အကျိုးအမြတ်ရသော လုပ်ငန်းဖြစ်စေ၊ အကျိုးအမြတ်မယူသော လုပ်ငန်းခွင်ဖြစ်စေ အတူပူးပေါင်းလုပ်ကိုင်သူများနှင့် သဟဇာတဖြစ်ခြင်းသည် ၎င်းဝန်ထမ်း၏ လုပ်ငန်းခွင်အပေါ်ထားရှိသော ရင်တွင်းခံယူချက်မှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အကြီးအကဲများက သတ်မှတ်ကြသည်။

နိုင်ငံတကာကုမ္ပဏီကြီးများ၊ ပြည်တွင်းကုမ္ပဏီကြီးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် အလုပ်အကိုင်ရရှိရန် ကွန်ပျူတာ၊ ဘာသာစကား၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုနှင့် ဗဟုသုတများသာမက အဖွဲ့အစည်းနှင့် လိုက်လျောညီထွေ လိုက်ပါဆောင်ရွက်နိုင်မှုသည်လည်း အလွန်အရေးကြီးကြောင်း ၎င်းတို့ကပြောကြသည်။

အဖွဲ့အစည်း၏ ပန်းတိုင်သို့ရောက်ရန် အကောင်အထည်ဖော်ရာတွင် လုပ်ငန်းခွင်အတွင်း ညှိနှိုင်းဆောင်ရွက်ကာ မိမိတာဝန်ယူထားသောကဏ္ဍကို အခြားသူများ ပါဝင်ကူညီနိုင်ရန် စည်းရုံးနိုင်စွမ်းရှိသော အရည်အသွေးကို လုပ်ငန်းရှင်များ နှစ်သက်သဘောကျသည်။

လုပ်ငန်းခွင်များအတွင်း ဖြစ်ပေါ်တတ်သော ပွတ်တိုက်မှု များကြုံတွေ့လျှင် အတ္တမကြီး၊ မာနမထောင်လွှားဘဲ ညီညွတ်ရေးကို အခြေတည်ကာ သည်းခံပြီး အဖြေရှာတတ်သူကိုသာ ၎င်းတို့က ရေရှည်လက်တွဲလေ့ရှိသည်။

ကိုယ်လိုချင်တဲ့အလုပ်ကို ဘယ်လိုရှာမလဲ

MyJobs.com.mm သည် အလုပ်လိုချင်သူများအတွက် လစ်လပ်နေသော အလုပ်အကိုင်နေရာ ၄,၀၀၀ ကျော်ကို ရှာဖွေပေးနေသည်။ အလုပ်ရှင်များ၏ လုပ်ငန်းခွင်လိုအပ်ချက်အရ အရည်အချင်း ကိုက်ညီသောဝန်ထမ်းများကို ရှာဖွေပေးနေခြင်းဖြစ်သည်။ အလုပ်လိုချင်သူများသည် MyJobs.com.mm မှတစ်ဆင့် လွယ်ကူစွာ အလုပ်လျှောက်လွှာတင်နိုင်ပြီး သက်ဆိုင်ရာကုမ္ပဏီများတွင် အင်တာဗျူး သွားရောက်ဖြေဆိုကာ လုပ်ငန်းခွင်ဝင်နိုင်ပါသည်။

အဆိုပါ ချိတ်ဆက်မှုပုံစံမျိုး ယခင်ကမရှိခဲ့ဖူးပေ။ အလုပ်လိုချင်သူက ကြားခံပွဲစားများထံ အခကြေးငွေပေးရပြီး အလုပ်လျှောက်လွှာတင်ကာ အဆင့်ဆင့်အင်တာဗျူးဖြေဆိုပြီးမှသာ မိမိ တို့လိုချင်သော အလုပ်ကိုရရှိနိုင်သည်။ ၂၁ ရာစုခေတ်တွင် အဆိုပါ အဆင့်များကို ကျော်လွန်ပြီး အလုပ်တစ်ခုကို အလွယ်တကူရရှိနိုင်ပါသည်။

ထို့ကြောင့် အလုပ်လိုချင်သူများသည် ၂၀၂၀ ပြည့်နှစ်အတွင်း ခေတ်စားမည့်အလုပ်များကို သိရှိပြီးဖြစ်၍ မိမိတို့နှစ်သက်သော အလုပ်အကိုင်ကို လွယ်ကူစွာရှာဖွေနိုင်ရန် ကြိုးစားကြရပေမည်။

အကယ်၍ ၂၀၂၀ ပြည့်နှစ်အတွင်း အလုပ်ရှင်များ လိုအပ်နေသော လုပ်ငန်းအမျိုးအစားများနှင့် မိမိတို့တတ်ကျွမ်းထားသော အတတ်ပညာများသည် ကွက်တိခွင်ကျမဖြစ်သေးလျှင်လည်း အားငယ်စရာမလိုအပ်ပေ။ မိမိတို့လုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်ထူးချွန်လျှင်လည်း အလုပ်အကိုင်ကောင်းကောင်းတစ်ခု ရရှိကာ ရပ်တည်ရှင်သန်နိုင်ပါသည်။

သို့ရာတွင် ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ၌ အလုပ်လို အပ်ချက်မြင့်မားနေသော လုပ်ငန်းအမျိုးအစားများကို သိရှိထားပြီး တတ်ကျွမ်းထားသူများအနေဖြင့် သူတကာထက် ခြေတစ်လှမ်းရှေ့ ကြိုရောက်နေမည်မှာ မလွဲဧကန်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။