၂၀၂၀ ပြည့်နှစ်အတွင်း၌ မားစ်ဂြိုဟ်သို့ သွားရောက်၍ သက်ရှိများကို ရှာဖွေမည့် ခရီးလမ်းများ

နည်းပညာအင်အားကြီးနိုင်ငံ တွေအနေနဲ့ အာကာသကို လေ့လာရေးခရီးထွက်ခြင်းအပေါ်ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက်၊ ဒါမှမဟုတ်လည်း လဂြိုဟ်အပေါ်မှာ အာကာသအခြေပြု ဟိုတယ်တွေကို တည်ဆောက်ပြီး အနားယူနိုင်ဖို့အတွက် ဝန်ဆောင်မှုပေးနိုင်ဖို့ကို ဆောင်ရွက်လာနေခဲ့ကြတာကို သတင်းတွေထဲမှာ ဖတ်ကြားသိရှိနိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ယခုတဖန်ထွက်ပေါ်လာတဲ့ သတင်းကတော့ မားစ်ဂြိုဟ်လို့အမည်ရတဲ့ ဂြိုဟ်နီကြီးမှာသက်ရှိတွေအနေနဲ့ အမှန်တကယ်နေထိုင်နေခြင်းရှိ၊ မရှိကို ရှာဖွေဖို့အတွက် အမေရိကန်၊ ဥရောပ၊ တရုတ်နဲ့ ယူအေအီးနိုင်ငံတွေဟာ ကိုယ်စီရည်မှန်းချက် အသီးသီးနဲ့ အပြိုင်အဆိုင်ဆောင်ရွက်နေတဲ့ ဆိုတဲ့သတင်းပါပဲ။

အဆိုပါ နိုင်ငံလေးနိုင်ငံဟာ လာမယ့်နွေဦးရာသီမှာ မားစ်ဂြိုဟ်ကို ပျံသန်းဖို့အတွက် ကမ္ဘာမြေပြင်နဲ့ မားစ်ဂြိုဟ်တို့မှာ အာကာသယာဉ် ဆင်းသက်ဖို့အတွက် နေရာတွေကိုတောင် သတ်မှတ်ခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။ နိုင်ငံအသီးသီးအနေနဲ့ မိမိတို့ရည်မှန်းချက်ကို ပြည့်ဝစေဖို့အတွက် ဆောင်ရွက်တဲ့အခါမှာ နိုင်ငံ ၃ နိုင်ငံအနေနဲ့ မားစ်ဂြိုဟ်ပေါ်က သက်ရှိတွေကို ရှာဖွေနိုင်ဖို့ ဂြိုဟ်ဆင်းယာဉ်တွေကို အသုံးပြုဆောင်ရွက်မယ့် အချိန်မှာ ယူအေအီးနိုင်ငံကတော့ မားစ်ဂြိုဟ်ရဲ့ လေထုအလွှာကို လေ့လာဖို့အတွက် ဆောင်ရွက်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

တကယ်တော့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ အာကာသဆိုင်ရာ ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ အကောင်အထည်ဖော်ဖို့အတွက် လုပ်ဆောင်ချက်ပေါင်း ရာချီနေပေမယ့်လည်း မားစ်ဂြိုဟ်ကို သွားဖို့တော့ မပါ၀င်ခဲ့ပါဘူး။ နာဆာ၏ အစီအစဉ် နာဆာအနေနဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း မားစ်ဂြိုဟ် အပေါ်ကို Mars 2020 Rover နဲ့ Mars Helicopter Scout လို့ အမည်ပေးထားတဲ့ဂြိုဟ်ဆင်းယာဉ်တွေကို စေလွှတ်ပြီးကျောက် တုံးတွေကို နမူနာအဖြစ် သယ်ဆောင်လာကာ ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာပေးဖို့ ဖြစ်ပါတယ်။ အဆိုပါဂြိုဟ်ဆင်းယာဉ် Rover အနေနဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်၊ သို့မဟုတ် သြဂုတ်လအတွင်း အမေရိကန်လေတပ် အခြေစိုက်စခန်းတည်ရှိရာ Cape Canaveral မှ အဆင့် ၂ ဆင့် အသုံးပြုထားသော Atlas V-541 ဒုံးပျံစနစ်ကို အသုံးပြုကာ မားစ်ဂြိုဟ်သို့ ပျံသန်းဖို့အတွက် စီစဉ်ထားပါတယ်။ ထိုပျံသန်းမှုအတွက်လည်း United Launch Alliance က ဘက်စုံထောက်ပံ့ ကူညီပေးမှာဖြစ်တယ်လို့ ဆိုပါ တယ်။ ယာဉ်အနေနဲ့ မားစ်ဂြိုဟ်သို့ ရောက်ရှိမည်ဆိုပါက တစ်နေ့တာ ပေ ၆၅၀ အထိ ရွှေ့လျားပြီး ကျောက်တုံးတွေကို ကောက်ယူခြင်း၊ မြေဆီနမူနာ ကောက်ယူခြင်းတွေကို ပြုလုပ်ကာ သိမ်း ဆည်းဆောင်ရွက်မှာဖြစ်တယ်လို့ဆိုပါတယ်။

ဥရောပ အာကာသ အေဂျင်စီ၏ အစီအစဉ်

ဥရောပအာကာသအေဂျင်စီ (ESA) အနေနဲ့ကတော့ ရုရှားအာကာသ အေဂျင်စီဖြစ်တဲ့ (Roscosmos) နဲ့ ပူးပေါင်းပြီး Rosalind Franklin လို့အမည်ပေးထားတဲ့ ဂြိုဟ်ဆင်းယာဉ်ကို တည်ဆောက်ထားကာ မားစ်ဂြိုဟ်ကို စေလွှတ်ဖို့ စီစဉ်ထားပါတယ်။ အဆိုပါ ဂြိုဟ်ဆင်းယာဉ်ကိုတော့ ExoMars လို့ အမည်ပေးထားပြီး ၎င်းဂြိုဟ်ဆင်းယာဉ်ကလည်း မားစ်ဂြိုဟ်မှာ တည်ရှိနေနိုင်တဲ့ မည်သည့်သက်ရှိဟူသမျှရဲ့ နမူနာကိုမဆို ကောက်ယူမှာ ဖြစ်ပါတယ်။ Rosalind Franklin ဂြိုဟ် ဆင်းယာဉ်ကတော့ ၈ လကြာ တာဝန်ထမ်းဆောင်မှာဖြစ်ပြီး တစ်နေ့ကို ပေ ၃၃၀ ရွေ့လျားကာ ဂြိုဟ်နီကြီးရဲ့ မျက်နှာပြင်ကိုလေ့လာမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏အစီအစဉ်

တရုတ်နိုင်ငံကတော့ မားစ်ဂြိုဟ်အပေါ်ကို Global Remote Sensing Orbiter နဲ့ ဂြိုဟ်ဆင်း ယာဉ်ငယ် တစ်စီးကို စေလွှတ်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ Long March 5 အကြီးစား ဒုံးပျံစနစ်ကို အသုံးပြုပြီး သက်ရှိတွေကို ရှာဖွေဖို့နဲ့ ကမ္ဘာမြေကြီးရဲ့ ပတ်ဝန်းကျင်အကြောင်းကို လေ့လာအကဲဖြတ်ဖို့အတွက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ ထိုသို့စေလွှတ်နိုင်ဖို့အတွက်လည်း တရုတ်နိုင်ငံအနေနဲ့ ဒီဇင်ဘာ ၂၇ ရက်တုန်းက Long March 5 ဒုံးပျံကို အသုံးပြုပြီး ဂြိုဟ်တုပစ်လွှတ်မှုကို အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး အဆိုပါဂြိုဟ်ဆင်းယာဉ်အနေနဲ့ မြေအောက်သို့ ဖောက်ထွင်းကြည့်ရှု နိုင်သည့်ရေဒါ၊ ရောင်စဉ်ပေါင်းစုံကို ရိုက်ကူးတွေ့မြင်နိုင်တဲ့ ကင်မရာနဲ့ ရာသီဥတုနှင့် သံလိုက် စက်ကွင်း ပတ်ဝန်းကျင်ကို လေ့လာနိုင်မယ့် ကိရိယာတွေကိုသယ် ဆောင်သွားမှာဖြစ်တယ် လို့ဆိုပါတယ်။

ယူအေအီးနိုင်ငံ၏အစီအစဉ်

UAE နိုင်ငံကတော့ ၂၀၂၀ ပြည့်နှစ်အတွင်း မားစ်ဂြိုဟ်ပေါ်မှာ သက်ရှိတွေကို ရှာဖွေဖို့အတွက် ဂျပန်နိုင်ငံရဲ့ ဒုံးပျံစနစ်ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ သူတို့သတ်မှတ်ထားတဲ့ ရက်စွဲက ဇူလှိုင်လအတွင်းမှာပါ။ အဆိုပါစေလွှတ်မှုဟာ အာရပ်နိုင်ငံတွေအထဲမှာမှ ပထမဆုံး စတင်ဆောင်ရွက်ခဲ့တဲ့ လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်အတွင်းမှာတော့ မားစ်ဂြိုဟ်အပေါ်ကို ခရီးသွားလာနိုင်ဖို့အတွက် အပြိုင်အဆိုင်ဆောင်ရွက်မှုတွေဟာ နိုင်ငံတကာ သတင်းတွေရဲ့ ခေါင်းစီးပိုင်းတွေမှာ နေ့စဉ်နေ့တိုင်း ပါဝင်နေတာကို တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်တဲ့ ကမ္ဘာကျော်သူဌေး အီလွန်မက်စ်ကတော့ မားစ်ဂြိုဟ်အပေါ်ကို လူအမြောက်အမြား စေလွှတ်လည်ပတ်နိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်လျက်ရှိတယ်လို့လည်း ထုတ်ဖော်ပြောဆိုထားပါသေးတယ်။ သူ့ရဲ့ရည်ရွယ်ချက်က ၂၀၂၅ ခုနှစ်မတိုင်မီ လူပေါင်း ၁ သိန်းခန့်ကို အာကာသယာဉ်တွေ တည်ဆောက်ပြီး ခေါ်ဆောင်နိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ စီမံကိန်းကာလ အရ ၅ နှစ်တာ အချိန်လိုအပ်နေသေးတာကြောင့် ၂၀၂၀ ပြည့် နှစ်အတွင်း သက်ရှိတွေကို ရှာဖွေတဲ့လုပ်ငန်းစဉ်ရဲ့ အခြေအနေကို စောင့်ကြည့်ပြီး တစ်စုံတစ်ရာ ပြောင်းလဲနိုင်မှုလည်း ရှိနိုင်တယ်လို့ သုံးသပ်ရမှာပါ။ လောလောဆယ်တော့ Elon Musk နဲ့ သူ့အဖွဲ့သားတွေကတော့ အာကာသယာဉ် တစ်စီးကိုတောင် လက်တွေ့ တည်ဆောက်ထားရခြင်းတော့ မရှိသေးပါဘူး။

ဒါပေမဲ့လည်း ရည်မှန်းချက် ကြီးမားသူတို့ရဲ့ ထုံးစံအတိုင်းတစ်နှစ်ကို အစီးရေ ၁၀၀ စီးလောက် တည်ဆောက်နိုင်ဖို့ ရည်မှန်းထားတယ်လို့ Musk က သူ့ရဲ့ တွစ်တာမှာ ရေးသားထားခဲ့ပါသေးတယ်။ ထိုအကြောင်းနဲ့ ပတ်သက်လို့ Musk ကို မားစ်ဂြိုဟ်ကနေ ကမ္ဘာကိုပြန်လာဖို့အတွက် စွမ်းအင်လုံလောက်မှုရှိရဲ့လားလို့ မေးမြန်းတဲ့အခါမှာတော့ သူအနေနဲ့ အဆိုပါစွမ်းအင်ပြဿနာအတွက် ဖြေရှင်းဖို့ ဆောင်ရွက်နေဆဲဖြစ်တယ်လို့လည်း ပြန်လည် ဖြေကြားခဲ့ပါသေတယ်။ မားစ်ဂြိုဟ်အတွက် ပျံသန်းလည်ပတ် စရိတ်အနေနဲ့လည်း အမေရိကန် ဒေါ်လာ ၅ သိန်း ထက်မနည်း ကုန်ကျမှာဖြစ်တယ်လို့ ၎င်းကဆက်လက် ပြောကြားခဲ့ပါသေး တယ်။ Musk ရဲ့ Space X ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ် မတိုင်မီမားစ်ဂြိုဟ်အပေါ်မှာ အဆောက်အဦနဲ့ ရေစနစ်အတွက် တည်ဆောက်မှုပြုလုပ်ဖို့ အာကာသယာဉ် ၂ စင်းကိုစေလွှတ်မှာပါ။ သူ့ရဲ့အန္တိမရည်မှန်းချက်ကတော့ ၂၀၂၄ ခုနှစ်မတိုင်မီ မားစ်ဂြိုဟ်အပေါ်ကို လူသားတွေခြေချနိုင်ဖို့အတွက် ဖြစ်ပါတယ်။

မားစ်ဂြိုဟ်အပေါ်ကို သွားရောက်နေထိုင် လည်ပတ်ဖို့ အတွက် လုပ်ဆောင်နေတဲ့ အကြောင်းအရာတွေမှာ ကဏ္ဍအသီးသီးမှာရှိတဲ့ ကုမ္ပဏီတွေကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ထောက်ပံ့မှုပြုလုပ်နိုင်ဖို့ ဆောင်ရွက်နေကြတာကိုလည်း လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ နာမည်ကျော် ဇိမ်ခံကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Lexus ကုမ္ပဏီဟာ အာကာသအတွင်းမှာ သွားလာမောင်းနှင်နိုင်ဖို့အတွက် ယာဉ်ပုံစံအချို့ကို နမူနာထုတ်ဖော်ပြသခဲ့ခြင်းပဲဖြစ်ပါတယ်။ အဆိုပါယာဉ်တွေမှာ Zero Gravity လို့အမည်ရတဲ့ သံလိုက်ဆွဲအားကို အသုံးပြုပြီး တော့ မောင်းနှင်နိုင်တဲ့ ဆိုင်ကယ်ပုံစံယာဉ်တွေလည်း ပါဝင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Lexus ကုမ္ပဏီအနေနဲ့ စုစုပေါင်း ယာဉ်အစီးရေ ၇ စီးကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး ဘီးလေးဘီးပါတဲ့ ယာဉ်တွေလည်း ပါဝင်တာကိုတွေ့ရပါတယ်။ သေချာတာကတော့ မားစ်ဂြိုဟ်အပေါ်ကို လူသားတွေအနေနဲ့ ရောက်ရှိဖို့အတွက် ကာလဟာ မဝေးတော့ဘူးဆိုတဲ့အကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

-ကျော်လင်း (အမိမြေ)