၂၀၂၀ ပထမဆုံး သုံးလပတ်ရဲ့ ရောင်းအားအကောင်းဆုံး Android ဖုန်း Samsung Galaxy A51

Samsung Galaxy A51 ဟာ ၂၀၂၀ ပထမသုံးလပတ်အတွင်း ကမ္ဘာပေါ်က ရောင်းအားအကောင်းဆုံး Android ဖုန်းဖြစ်တယ်လို့ Strategy Analytics ကဖော်ပြခဲ့ပါတယ်။ Samsung Galaxy A51 ဖုန်းအလုံးရေ ၆ သန်း ရောင်းချခဲ့ရပြီး ဈေးကွက်ဝေစု ၂ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

ဒုတိယရောင်းအားအကောင်းဆုံးဖုန်းကတော့ Xiaomi Redmi 8 ဖြစ်တယ်လို့ Strategy Analytics က ဖော်ပြလိုက်ပါတယ်။ ပထမသုံးလပတ်အတွင်း ဈေးကွက်ဝေစု ၁.၉ ရာခိုင်နှုန်းရှိပါတယ်။ Samsung Galaxy S20 Plus ကတော့ တတိယနေရာမှာ ရပ်တည်ခဲ့ပြီး ဈေးကွက်ဝေစု ၁.၇ ရာခိုင်နှုန်း ရှိပါတယ်။ ထိပ်တန်းဖုန်း ၆ ခုထဲမှာ တစ်ခုတည်းသော တန်ဖိုးကြီးဖုန်း ဖြစ်တယ်လို့ Strategy Analytics အမှုဆောင်ဒါရိုက်တာ နေးလ်မော်စတန်က ပြောခဲ့ပါတယ်။

ဒီနှစ် ပထမသုံးလပတ်အတွင်း စမတ်ဖုန်း ၂၇၅ သန်း ရောင်းချခဲ့ရတယ်လို့ Strategy Analytics ဒါရိုက်တာ လင်ဒါရှုကပြောထားပြီး Android ဈေးကွက်ဝေစု ၈၆ ရာခိုင်နှုန်းရှိပါတယ်။ Galaxy A51 ဈေးနှုန်းက ဒေါ်လာ ၄၀၀ ခန့်ပဲ ရှိပါတယ်။ Android ဖုန်း ဈေးကွက်မှာ ဈေးသက်သာတဲ့ဖုန်းမော်ဒယ်တွေ များပြားလာတယ်လို့ Strategy Analytics ကပြောခဲ့ပါတယ်။

စိုးထက်
Ref: CNET