
၂၀၂၀ ခုနှစ်မှာ ထင်မထားတဲ့ ဆိုးဝါတဲ့ အဖြစ်အပျက်တွေ များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီထဲမှာ ဗီဒီယိုနဲ့ သက်ဆိုင်တဲ့ ဖြစ်ရပ်တွေလည်း ပါဝင်လာပါတယ်။ ဗီဒီယိုဂိမ်းတွေက COVID-19 ကပ်ရောဂါကာလထဲ လူတွေကို နည်းလမ်းသစ်နဲ့ ချိတ်ဆက်ပေးပြီး ကမ္ဘာကြီးပေါ်မှာ ဖြစ်နေတဲ့ အရာအားလုံးကနေ ခေတ္တ အာရုံလွှဲနိုင်ပါတယ်။ လူသန်းပေါင်းများစွာဟာ Animal Crossing ဒါမှမဟုတ် Twitch ပေါ်က Fall Guys ဂိမ်းကို ကြည့်ပြီး လူတွေနဲ့ ထိတွေ့နေကြပါတယ်။ Ghost of Tsushima ဒါမှမဟုတ် Hades လိုမျိုး ရှုခင်းလှပတဲ့ ဂိမ်းတွေကစားပြီး အပန်းဖြေကြပါတယ်။ ဒီနှစ်အတွက် အကောင်းဆုံးဂိမ်းတွေကိုတော့ The Verge က ၉ ခု ရွေးချယ်ပေးလိုက်ပါတယ်။
Animal Crossings: New Horizons
Animal Crossings: New Horizons ကတော့ ပေါ့ပေါ့ပါးပါးကစားနိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။ ကစားသူက ကျွန်းကလေးပေါ်မှာ ငါးဖမ်းတာအပြင် အထွေအထူး လုပ်စရာမလိုဘဲ နာရီပေါင်းများစွာ ကစားနိုင်ပါတယ်။ ကစားသူက ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တူးတာ၊ ခေါင်းပေါ်ကျော် ပျံသန်းနေတဲ့ ပူဖောင်းကို ပစ်နိုင်ပါတယ်။
Fall Guys
Battle royale ဂိမ်းတွေက နေရာတိုင်းမှာရှိပါတယ်။ အဲဒီဂိမ်း အမျိုးအစားကို PUBG က စွန့်ဦးတီထွင်ခဲ့ပြီး ဈေးကြီးပြီး ဇာတ်ကောင်အများကြီး ပါဝင်တဲ့ Fortnite လည်းရှိပါတယ်။ သွက်လက်မြန်ဆန်တဲ့ Call of Duty: Warzone အပြင် သိပ္ပံတိုက်ပွဲ Apex Legends လည်းရှိပါတယ်။ ဒါပေမဲ့ Fall Guys ကတော့ လူတွေကို အံ့အားသင့်စေပြီး မတူညီတဲ့ ရသပေးနိုင်ပါတယ်။ Fall Guys ဂိမ်းမှာ ကြမ်းတမ်းတဲ့ တိုက်ပွဲအစား ဂိမ်းပြိုင်ပွဲလိုမျိုး ယှဉ်ပြိုင်ရပါမယ်။ အတားအဆီးတွေ ကျော်လွှားရမယ့် ပြိုင်ပွဲတွေ ပါဝင်လာပါတယ်။
Final Fantasy VII Remake
Final Fantasy VII Remake ကတော့ ခေတ်သစ်အကောင်းဆုံး ဂိမ်းတစ်ခုဖြစ်ပြီး ပရိသတ်တွေကို စိတ်ကျေနပ်စေပါတယ်။ မူရင်းဂိမ်းကပေးထားတဲ့ နက်ရှိုင်းမှုနဲ့ တိုက်ပွဲစနစ်ကို ပေါင်းစပ်ထားပြီး ဇာတ်ကောင် စရိုက်၊ နောက်ခံဂီတတို့ ပံ့ပိုးထားပါတယ်။
Ghost of Tsushima
Ghost of Tsushima ရဲ့ရှုခင်းတွေက ရင်သပ်ရှုမောစရာပါပဲ။ ဂိမ်းနောက်ခံတီးလုံးကလည်း အလွန်ကောင်းမွန်ပါတယ်။ ဂိမ်းထဲက ဟိုင်ကုကဗျာ အရေးအသားကလည်း စိတ်ငြိမ်းချမ်းစေပြီး စိတ်အာရုံစုစည်းမှု ရနိုင်ပါတယ်။ အက်ရှင်ကလည်း မိုက်ပါတယ်။
Hades
၁၅ မိနစ်လောက် Hades ကစားလိုက်တာနဲ့ စွဲလမ်းသွားပါမယ်။ ဂိမ်းအဖွင့်က အထိတ်တလန့် ဖြစ်စေပါမယ်။ သိပ်မရှင်းပြဘဲ ငရဲက လွတ်လာတဲ့ အခန်းနဲ့ တိုက်ရိုက် စတင်ပါမယ်။
Half-Life: ALYX
Half-Life ဂိမ်းပရိသတ်တွေ သဘောကျမယ့် ဂိမ်းဖြစ်ပါတယ်။ Half-Life ဂိမ်းတွေထဲက ရင်းနှီးပြီးသား အရာတွေ ပြန်ပါလာပါတယ်။ ဂိမ်း level ဒီဇိုင်းက ကောင်းမွန်ပြီး ရူပဗေဒအခြေခံ puzzle အပြင် ဇာတ်ပြောကလည်း သွက်ပါတယ်။ ဂိမ်းရဲ့ အသေးစိတ်အချက်အလက်တွေကလည်း အံ့အားသင့်မှာ ဖြစ်သလို အသံသရုပ်ဆောင်မှုကလည်း ခိုင်မာပါတယ်။
The Last of Us Part II
The Last of Us ဂိမ်းအဆက် ဖြစ်ပါတယ်။ The Last of Us Part II ဂိမ်းကတော့ နာကျင်စရာတွေ ပြည့်နေတဲ့ ဂိမ်းဖြစ်ပါတယ်။ ဂိမ်းက ကစားရတာ စွဲငြိစရာဖြစ်ပြီး ခိုင်မာမှုရှိပါတယ်။ Part II ကတော့ ပထမဂိမ်းထက် ပိုမိုကြမ်းတမ်းပြီး ထိတ်လန့်ဖို့ကောင်းပါတယ်။
Spider-Man: Miles Morales
Spider-Man: Miles Morales ကတော့ PS4 မှာထွက်ခဲ့တဲ့ Spider-Man ဂိမ်းနဲ့ တော်တော်ဆင်ပါတယ်။ အခုဂိမ်းမှာတော့ စွမ်းဆောင်ရည်နဲ့ တိုက်ခိုက်မှုပုံစံအသစ်တွေ ထပ်ပါလာပါတယ်။ ဒါပေမဲ့ ဂိမ်း ၂ ခုကတော့ သဘောတရားချင်း မဆင်ပါဘူး။
Star Wars: Squadrons
Star Wars: Squadrons ကတော့ X-Wing လေယာဉ် ပျံသန်းတိုက်ခိုက်ရတဲ့ ဂိမ်းဖြစ်ပါတယ်။ Motive Studio ကဖန်တီးလိုက်တဲ့ ဂိမ်းကတော့ Star Wars ရုပ်ရှင်တွေထဲက အာကာသယာဉ်တိုက်ပွဲကို ပြန်လည် အမှတ်ရအောင် ပုံဖော်နိုင်ပါတယ်။
-စိုးထက်
Ref: TheVerge
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««