၂၀၂၀ ခုနှစ် ပထမလေးလအတွက် စီးပွားရေးရလဒ်များကို Huawei မှ ထုတ်ပြန်ကြေညာ

Huawei မှ ၂၀၂၀ ခုနှစ် ပထမ လေးလအတွက် စီးပွားရေးရလဒ်များကို ကြေညာခဲ့ပါတယ်။

အဆိုပါ ထုတ်ပြန်ကြေညာချက်မှာ Huawei အနေနဲ့ ပထမလေးလမှာ အမြတ်အစွန်းတရုတ်ယွမ် ၁၈၂.၂ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ် ပထမလေးလပတ်ထက် ၁.၄% ပိုမို များပြားခဲ့ကြောင်း ၂၀၂၀ ခုနှစ် ပထမ လေးလပတ်အတွက် ကုမ္ပဏီရဲ့ အသားတင်အမြတ်ရာခိုင်နှုန်း (net profit margin) ၇.၃% ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

COVID-19 ရောဂါစတင်ဖြစ်ပွားချိန်မှ စကာ Huawei နဲ့ မိတ်ဖက်တွေအနေနဲ့ 5G နဲ့ AI နည်းပညာသုံး ဆေးဘက်ဆိုင်ရာ application များစွာကို အလျင်အမြန် မိတ်ဆက်ခဲ့ကြောင်း၊ Huawei ရဲ့ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အတွေ့အကြုံရင့်ကျက် ကျွမ်းကျင်မှုကို အသုံးပြုကာ ကပ်ရောဂါတိုက်ဖျက်ခြင်းနှင့် အသက်ကယ်ခြင်းတို့တွင် ပါဝင်ကူညီခဲ့ကြောင်း၊ AI နည်းပညာသုံး CT ရောဂါ ရှာဖွေဆန်းစစ်မှုက CT screening ပြုလုပ်ရန်ကြာချိန်ကို ယခင် ၁၂ မိနစ်မှ ၂ မိနစ်အထိ လျှော့ချပေးခဲ့ပြီး ဆရာဝန်တွေရဲ့ ရောဂါရှာဖွေ ဆန်းစစ်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခဲ့ကြောင်း 5G နည်းပညာ အခြေပြု အဝေးရောက် ဗီဒီယိုဆွေးနွေးမှုများက ရှေ့တန်းလုပ်ငန်းခွင်တွင် ကျွမ်းကျင်သူလိုအပ်မှုကို လျှော့ချပေးခဲ့ပြီး ရောဂါပြင်းထန်သည့် လူနာများအား ရောဂါရှာဖွေဆန်းစစ်ခြင်းနှင့် ကုသခြင်းတို့ကို စွမ်းဆောင်ရည်မြှင့်တင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် AI နည်းပညာသုံး အပူလှိုင်း ဓာတ်ပုံဗီဒီယိုရိုက်ခြင်း (thermal imaging) ကိရိယာများက အပူချိန်များကို မှတ်တမ်းယူပေးခြင်းဖြင့် အများပြည်သူသွားလာရာ နေရာများတွင် ရောဂါကူးစက်မှု ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို စွမ်းရည်မြှင့်ပေးကြောင်း၊ Huawei က mask များ၊ ဆေးစစ်ကိရိယာ (test kits) များ၊ ကာကွယ်ရေးပစ္စည်းကိရိယာများတို့ကို လိုအပ်နေသည့် နိုင်ငံများ၊ အဖွဲ့အစည်းများအတွက် ပံ့ပိုးပေးနိုင်ရန် တတ်စွမ်းသရွေ့ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ကျွန်တော်တို့မျှော်လင့်တာက ဒီကပ်ရောဂါ အမြန်ဆုံး အဆုံးသတ်သွားဖို့ပါပဲ။ ပြီးတော့ ကမ္ဘာအနှံ့က လူနာတိုင်းလည်း ကုသမှုရရှိပြီး အမြန်ဆုံးပြန်လည်ကောင်းမွန်လာဖို့ကို မျှော်လင့်ပါတယ်။ COVID-19 ဖြစ်ပွားမှုဟာ ဒီကမ္ဘာကြီးကို ကျွန်တော်တို့တွေ မျှဝေနေထိုင်ရတဲ့ အကြောင်း၊ ကံအဆိုးအကောင်းတွေကိုလည်း ညီတူမျှတူ ခံစားရတဲ့အကြောင်း ကျွန်တော်တို့ကို သတိပေးလိုက်တာပါပဲ။ ဒီလို ဘုံစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့တွေ အတူစုစည်းနေဖို့ လိုပါတယ်။ အကြောင်းအရင်းကတော့ ဗိုင်းရပ်စ်ဟာ နယ်နိမိတ်အပိုင်းအခြားတွေကို မသိတဲ့အတွက် လူမျိုးမရွေး၊ အသားအရောင်မရွေး၊ ဆင်းရဲချမ်းသာမရွေး အားလုံးကို တိုက်ခိုက်နေမှာ ဖြစ်တာကြောင့်ပါပဲ” လို့ Huawei ရဲ့ အလှည့်ကျဥက္ကဋ္ဌ Eric Xu က ပြောပါတယ်။

-အောင်သူ