၂၀၂၀ ခုနှစ် ဇူလိုင်လတွင် ကျင်းပမည့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) ရပ်ဆိုင်း

COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် ဇူလိုင် ၅ ရက်မှာ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးမြို့တွေမှာ ကျင်းပပြုလုပ်မယ့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) ကို ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) နဲ့ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်း အသင်း ( MAJA ) တို့မှ ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့မှာလည်း စာမေးပွဲစစ်ဆေးခြင်းကို ခေတ္တရပ်နားထားပါတယ်။ ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) ရပ်ဆိုင်းခြင်းနှင့်ပတ်သက်ပြီး လျှောက်လွှာတင်ထားသူတွေ အတွက် ဂျပန်ဖောင်ဒေးရှင်းမှ သက်ဆိုင်ရာ နိုင်ငံများရှိ JLPT စာမေးပွဲကျင်းပရေး အဖွဲ့အစည်းများအတွက် ထုတ်ဝေထားတဲ့ (Instruction for Host Institution) အရ ၂၀၂၀ ခုနှစ် ဇူလိုင်လ စာမေးပွဲအတွက် လျှောက်လွှာတင်ထားသူများအနေနဲ့ စာမေးပွဲကြေး (လျှောက်လွှာကြေးမပါ) တွေကို ပြန်လည်ထုတ်ယူနိုင်မှာပါ။
စာမေးပွဲကြေး ပြန်လည်မထုတ်ယူလိုသူတွေ အနေနဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့် စာမေးပွဲတွင်သာ ဝင်ရောက်ဖြေဆိုခွင့် ရှိမှာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လအတွက် လျှောက်ထားခဲ့တဲ့ LEVEL နဲ့ Test Site အတိုင်းသာ ပြန်လည်ဖြေဆိုခွင့်ရှိမှာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ ပြန်လည်ဖြေဆိုရန်၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွက် သက်မှတ်ထားတဲ့ လျှောက်လွှာကို ဝယ်ယူဖြည့်သွင်းပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။

စာမေးပွဲကြေး (လျှောက်လွှာကြေးမပါ) များကို စာမေးပွဲကျင်းပရန် စီစဉ်ထားတဲ့ (ဇူလိုင် ၅ ရက်) မှ တစ်လအတွင်း ထုတ်ပေးသွားမှာဖြစ်ပြီး ကျောင်းများအနေဖြင့် အုပ်စုလိုက် လျှောက်ထားသူများအား ငွေသားပြန်လည်ထုတ်ပေးခြင်း သို့မဟုတ် ဘဏ်မှ လွှဲပေးခြင်းများ ပြုလုပ်ပေးသွားမှာပါ။ တစ်ဦးချင်း လျှောက်ထားသူတွေအနေနဲ့ကတော့ ငွေသားထုတ်ယူနိုင်မှာဖြစ်ပြီး စာမေးပွဲကြေး ပြန်လည်ထုတ်ယူရာတွင် TEST VOUCHER သို့မဟုတ် ငွေသွင်းလက်ခံ (Receipt) တင်ပြရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အဆင့် လမ်းညွှန်မှုများနဲ့ အညီ စာမေးပွဲကြေးထုတ်ယူနိုင်မယ့် ရက်ကို ပြန်လည်ကြေညာပေးသွားမယ်လို့ သိရပါတယ်။

-သန္တာ

သတင်းတွေကို စာဖတ်စရာမလိုဘဲ အသံပဲ နားထောင်နိုင်တဲ့ https://anchor.fm/internetjournal ရှိတယ်နော် . . .