၂၀၁၉ ခုနှစ်အတွင်း ပြဿနာများစွာနဲ့ ကြုံတွေ့ခဲ့ရတဲ့ နည်းပညာအမှုဆောင်အရာရှိချုပ်များ

၂၀၁၉ ခုနှစ်အတွင်းမှာ နာမည်ကျော်နည်းပညာကုမ္ပဏီတွေက ထင်ရှားလှတဲ့ အမှုဆောင်အရာရှိချုပ်တွေဟာ အခြားသူတွေလို အနိမ့်၊ အမြင့် အတက်၊ အကျတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီထဲကမှ ထင်ရှားကျော်ကြားတဲ့ နည်းပညာအမှုဆောင်တွေအကြောင်းကို အောက်မှာဖော်ပြသွားပါမယ်။

မာ့ခ်ဇူကာဘတ်

Facebook အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ မာ့ခ်ဇူကာဘတ်အတွက် အခုနှစ်က အမှတ်ရစရာပါပဲ။ မာ့ခ်ဇူကာဘတ်ရဲ့ ကြွယ်ဝချမ်းသာမှုတွေက အလွန်မြင့်မားခဲ့ပေမယ့် ဂုဏ်သတင်းကတော့ လျော့ပါးခဲ့ရပါတယ်။ အရှုပ်တော်ပုံတွေနဲ့ ခြေလှမ်းမှားတွေကြောင့် မာ့ခ်ဇူကာဘတ်က နာမည်ပါဝင်နေပါတယ်။ မကြာသေးခင်က Facebook ရဲ့ ညံ့ဖျင်းတဲ့ နိုင်ငံသားအခွင့်အရေးမှတ်တမ်းတွေနဲ့ ပတ်သက်ပြီး ကွန်ဂရက်က မာ့ခ်ဇူကာဘတ်ကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် FTC (ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်) က “clear history” tool နဲ့ပတ်သက်ပြီး မရှင်းလင်းနိုင်တာကြောင့် Facebook ကို ဒဏ်ငွေ ၅ သန်း ချမှတ်ခဲ့ပါတယ်။ Facebook ကို တွဲဖက်တည်ထောင်သူ ခရစ္စဟုချ့်က ကုမ္ပဏီကိုဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။ မာ့ဇူကာဘတ်ရဲ့ cryptocurrency စီမံကိန်း Libra ကို Twitter အမှုဆောင်အရာရှိချုပ် ဂျက်ဒိုဆေးက ဝေဖန်ခဲ့ပါတယ်။

တင်မ်ကွတ်ခ်

Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ခ်ဟာ iPhone မှာသုံးစွဲသူ တစ်ကိုယ်ရေလုံခြုံရေးအချက်အလက် အရေးကြီးတဲ့အကြောင်းကို မကြာခဏ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ် အစောပိုင်းမှာတော့ Apple ဟာ တစ်ကိုယ်ရေလုံခြုံရေး ဖောက်ဖျက်မှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားလာပါတယ်။ iPhone ရဲ့မိုက်ကရိုဖုန်းနဲ့ ကင်မရာကို အဝေးကနေ ဖွင့်နိုင်တဲ့ FaceTime အားနည်းချက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီကိစ္စဟာ အလွန်ဆိုးဝါးတဲ့ အားနည်းချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် နည်းပညာကိုသင်ယူနေတဲ့ သမ္မတဒေါ်နယ်ထရမ့်က iPhone ဒီဇိုင်းနဲ့ပတ်သက်ပြီး တင်မ်ကွတ်ခ်ကို Twitter ကတစ်ဆင့် လက်ချာရိုက်ခဲ့ပါသေးတယ်။

ဂျက်ဖ်ဘီဇော့

Amazon အမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဘီဇော့ဟာ အစိုးရကို facial-recognition နည်းပညာရောင်းချဖို့ ကြိုးစားခဲ့ရာမှာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဆန္ဒပြသမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ Amazon မှာ ဈေးဝယ်ယူသူတွေရဲ့ တစ်ကိုယ်ရေလွတ်လပ်ခွင့်ကို စောင့်ထိန်းမှုမရှိဘူးဆိုတဲ့ အပြုအမူနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ပါတယ်။

အီလွန်မက်စ်

Tesla အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ အီလွန်မက်စ်ဟာ ဒီနှစ်မှာ ခေတ်ရှေ့ပြေးတဲ့ ဆိုက်ဘာထရပ်ယာဉ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီကား မိတ်ဆက်ပွဲမှာ ဆိုက်ဘာထရပ်ရဲ့ မှန်အကြမ်းခံမှုကို စမ်းသပ်ခဲ့ရာမှာ မှန်ကွဲအက်သွားခဲ့ရပါတယ်။ ပွဲအတွင်းက စမ်းသပ်မှုမအောင်မြင်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ မာ့ခ်ဇူကာဘတ်က ဂူအတွင်းပျောက်ဆုံးသွားတဲ့ ထိုင်းကလေးငယ်တွေကို ကယ်ဆယ်မှုမှာ ပါဝင်ခဲ့တဲ့ ဗြိတိန်ဒိုင်ဗင်သမားကို ကလေးမုဒိန်းသမားလို့ ခေါ်ဆိုခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရပါတယ်။

စိုးထက်
Ref: Mashable