၂၀၁၈ ရဲ့ ဘားကမ့်ရန်ကုန်မှာ ဘာတွေထူးခြားခဲ့သလဲ

ဘားကမ့်ရန်ကုန် ၂၀၁၈ ကို ဇန်နဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်က ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ်ဘားကမ့်မှာ ခေါင်းစဉ်တွေများပြားခဲ့ပြီး စိတ်ဝင်စားစရာလည်း များခဲ့ပါတယ်။ ဥပမာ Smile, I Love U, အချစ်မြင်းစီးပြီး ပန်းတိုင်သွားမယ်၊ အသုပ်စုံ၊ ရောကြော်၊ ကြော်ချက် (Cross- Plattform) စတဲ့ ချစ်စရာခေါင်းစဉ်လေးတွေနဲ့ အသိပညာဝေမျှခဲ့တာကို နားထောင်ကြတာ တွေ့ရပါတယ်။

“ဒီနှစ်ဘားကမ့်ရဲ့ထူးခြားချက်က ပိုပြီးအာရုံစိုက် နားထောင်လာကြတယ်၊ Feedback တွေ ကောင်းကြတယ်၊ Crypotocurrency နဲ့ ပတ်သက်တာတွေလဲ ပြောလာကြတယ်” လို့ Barcamp Organizer တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်မျိုးလွင်က ပြောပါတယ်။ ထူးခြားချက် တစ်ခုကတော့ လက်ဆောင်တီရှပ်တွေ ထုတ်ယူတဲ့ပုံစံပဲ ဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေဆိုရင် ကိုယ်မှတ်ပုံတင်ထားတဲ့ Print စာရွက်ကို ထုတ်ယူပြီး ကောင်တာမှာ ပြလိုက်တာနဲ့ ဘားကမ့်အမှတ်တရ လက်ဆောင်တွေရရှိပါတယ်။ ဒီနှစ်ကတော့ ပိုပြီးစနစ်ကျတဲ့ နည်းလမ်းတွေ တွေ့ခဲ့ရပါတယ်။ Online Register လက်ဆောင်ထုတ်ယူမှုအတွက် အဆင့်သုံးဆင့် ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ အဆင့် (၁) ကတော့ BarCamp Yangon application လေး ကိုဖွင့်ပြီး register လုပ်ခဲ့တဲ့ email နဲ့ Ticket ID ကို ထည့်ပြီး verify လုပ်ရပါမယ်။ အဆင့် (၂) မှာတော့ QR scan ဖတ်ရတာဖြစ်ပါတယ်။ အဲဒါကိုတော့ Topic Speaker တွေရဲ့ slide တွေမှာ ဒါမှမဟုတ် Speaker တွေဆီမှာ ရနိုင်ပါတယ်။ Topic တွေ နားထောင်ရင် scan ဖတ်နိုင်မှာဖြစ်ပါတယ်။ အဆင့် (၃) အဖြစ် Topic နှစ် ခု အနည်းဆုံး နားထောင်ပြီး QR Scan တွေကို application နဲ့ ဖတ်ပြီးမှ သာ BarCamp Yangon 2018 အမှတ်တရ T-shirt ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

(၉) ကြိမ်မြောက် ဘားကမ့်ရန်ကုန် အခမ်းအနားကို MICT Park မှာ ကျင်းပခဲ့တာဖြစ်ပြီး ပွဲတက်ရောက်သူ ၅,၈၈၆ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အကြောင်းအရာတွေကိုပိုပြီး ဆွေးနွေးခဲ့ကြတာလည်း တွေ့ရပါတယ်။ “Topic နှစ်ခု နားထောင်မှ T-shirt ထုတ်လို့ရသွားတယ်၊ Organizer တွေထဲမှာ တက္ကသိုလ်ကျောင်းက လူငယ်တွေ၊ ကျောင်းသားတွေ ပါဝင်လာတယ်” လို့ Organizer တစ်ဦးဖြစ်သူ ကိုဝေယံသွင်က ဒီနှစ်ဘားကမ့်ထူးခြားချက်နဲ့ ပတ်သက်ပြီး သူ့အမြင်ကိုပြောပါတယ်။ အခမ်းအနားကျင်းပတဲ့ ပထမရက်မှာ ဦးဆောင်အသိပညာဝေမျှသူ (၄၁) ဦးရှိပြီး ဒုတိယနေ့မှာတော့ (၃၇) ဦးရှိခဲ့ကြောင်း သိရပါတယ်။
အသိပညာဝေမျှခဲ့ကြတဲ့ ခေါင်းစဉ်တွေကတော့ လတ်တလောရေပန်းစားနေတဲ့ အကြောင်းအရာတွေ တော်တော်များများ ပါဝင်ခဲ့ပါတယ်။ Barcamp Yangon ဟာ နည်းပညာအခြေခံတဲ့ ပွဲဖြစ်စေဖို့ Barcamp Yangon Mobile Application ထုတ်ဝေခဲ့တာဟာ အခုနှစ်ရဲ့ထူးခြားမှုတွေထဲက ထူးခြားမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

“လက်ဆောင်တွေကို အမှန်တကယ် တက်ရောက်သူတွေ ရရှိစေလိုပြီး ၀င်ရောက်ဆွေးနွေးနားထောင်မှု မြင့်တက်လက်စေဖို့ စတင်ဆောင်ရွက်တာ ဖြစ်ပါတယ်၊ နောက်နှစ်တွေမှာလည်း အခုထက် ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးသွားမှာပါ၊ ကျွန်တော်တို့ တတ်နိုင်သမျှ ဒီဂျစ်တယ်ခေတ်ကို အမီလိုက်နေတာပါ” လို့ Barcamp Yangon Organizer တစ်ဦးဖြစ်တဲ့ ဦးမင်းဦးက ပြောပါတယ်။

Barcamp Yangon 2018 ကို Organizer ၃၆ ဦး၊ Volunteer ၇၀ ဦးခန့်နဲ့ စီစဉ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။ နှစ်ရက်တာ ကာလအတွင်း ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေအနေနဲ့ IoT နည်းပညာ၊ ဒီဂျစ်တယ်ငွေကြေးသစ် Blockchain နည်းပညာ၊ ဆာဗာလုံခြုံရေးဆိုင်ရာ သိကောင်းစရာတွေ၊ ဝက်ဘ်ဆိုက်၊ ဒီဇိုင်းနဲ့စက်ရုပ် နည်းပညာအကြောင်း၊ အသံပိုင်းဆိုင်ရာ နည်းပညာ၊ လူမှုကွန်ရက်ဆိုင်ရာ၊ ဘဏ်စနစ်တွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ဒီဂျစ်တယ်သတင်းမီဒီယာအကြောင်း၊ ကွန်ရက်နည်းပညာ၊ ဈေးကွက်ဆိုင်ရာ အသိပညာတွေနဲ့ ဆိုက်ဘာအသိပညာ အစရှိတာတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

-ထွန်းထွန်း