၂၀၁၈ ခုနှစ် ပထမသုံးလပတ်တွင် ပြည်တွင်းဈေးကွက်မှာ စတင်မိတ်ဆက်မည်ဟု စတုတ္ထအော်ပရေတာ Mytel ပြောကြား

စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ Myanmar National Tele and Communication
(MNTC) အနေနဲ့ သူ့ရဲ့ ဝန်ဆောင်မှုတွေကို လာမယ့် ၂ဝ၁၈ ခုနှစ် ပထမသုံးလပတ်မှာ ပြည်တွင်းမှာ စတင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Mytel ရဲ့ ပြင်ပဆက်သွယ်ရေးအရာရှိချုပ် ဦးဇော်မင်းဦးက နေပြည်တော်မှာကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Connect 2017 ပွဲမှာ “ကျွန်တော်တို့အနေနဲ့ လာမယ့် ၂ဝ၁၈ ခုနှစ် ပထမကွာတားမှာ Mytel ကို မိတ်ဆက်သွားဖို့ရှိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကွန်ရက်ဝန်ဆောင်မှုပေးရာမှာ 2G, 3G နဲ့ 4G ကွန်ရက်သုံးခုစလုံးကို ဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး ယခုဈေးကွက်အတွင်း အခြားဆက်သွယ်ရေး အော်ပရေတာတွေနဲ့ ပြိုင်ဆိုင်ရာမှာ အများထက်ပိုမိုလျော့နည်းတဲ့ ဈေးနှုန်းဖြစ်လာနိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် ဝန်ဆောင်မှုတွေ စတင်မိတ်ဆက်ချိန်မှာ Value Add Service တွေ တစ်ပါတည်း ပါဝင်လာမှာဖြစ်ပြီး အင်တာနက် သုံးစွဲသူတစ်ဦးလျှင် 1Mbps မြန်နှုန်းအထိ ရရှိဖို့ ဆောင်ရွက်သွားမယ်လို့ Mytel က ဇန်န၀ါရီလက ကျင်းပပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

Mytel ကို လက်ရှိ MecTel 800MHz ကို တာဝန်ယူဆောင်ရွက်နေတဲ့ Star High ကုမ္ပဏီလီမိတက်၊ ဗီယက်နမ်အခြေစိုက် Viettel နှင့် ပြည်တွင်းကုမ္ပဏီ ၁၁ ခုပါဝင်တဲ့ Myanmar National Telecom Holding Public ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း