၂၀၁၈ ခုနှစ်အတွင်း စမတ်မျက်မှန်ကို မိတ်ဆက်ဖို့ Intel စီစဉ်နေ

Intel ဟာ augmented reality အခြေခံထုတ်ကုန်တွေ ဖန်တီးမယ့် ကုမ္ပဏီတစ်ခုကနေတစ်ဆင့် ၂၀၁၈ ခုနှစ် အတွင်း လူသုံးကုန် စမတ်မျက်မှန်ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ Bloomberg Technology ကဖော်ပြခဲ့ပါတယ်။ Intel ဟာ Vaunt အမည်ရ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံသွားပြီး “Superlite” အမည်ရ စမတ်မျက်မှန်ကို ထုတ်လုပ်သွားမယ်လို့ Bloomberg ကရေးသားထားပါတယ်။ ထိုင်ဝမ် ထုတ်လုပ်ရေးကုမ္ပဏီ Quanta Computer က အဲဒီ စမတ်မျက်မှန်ကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ “Superlite” စမတ်မျက်မှန်ကို Bluetooth ကတစ်ဆင့် ဖုန်းနဲ့ချိတ်ဆက်နိုင်ပြီး မျက်မှန်တပ်ထားသူရဲ့ မြင်ကွင်းမှာ သတင်းအချက်အလက်တွေ ဖော်ပြဖို့ လေဆာပရော်ဂျက်တာကို အသုံးပြုထားပါတယ်။

Intel အနေနဲ့ ၂၀၁၅ ခုနှစ်အတွင်း ဝယ်ယူပြီး ၂၀၁၇ ခုနှစ်က ပိတ်သိမ်းခဲ့တဲ့ Recon Instruments က ဝန်ထမ်းဟောင်းတချို့ဟာ Vaunt ကုမ္ပဏီမှာ ပြန်လည် ပါဝင်လာမယ်လို့ သတင်းမှာဖော်ပြ ထားပါတယ်။ Bloomberg ရဲ့ဖော်ပြချက်အရ Intel ဟာ aungmented reality ဈေးကွက်ထဲကို ဝင်ရောက်ဖို့ ပထမဆုံး ခြေလှမ်းကို စတင်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Intel ဟာ စက်မှုလုပ်ငန်းဆိုင်ရာ AR headset ကုမ္ပဏီ Daquri နဲ့လက်တွဲပြီး Project Alloy လို့ခေါ်တဲ့ VR ပုံစံ headset ဒီဇိုင်းကို မိတ်ဆက်ဖို့လည်း စီစဉ်နေပါတယ်။ Project Alloy ကိုပြီးခဲ့တဲ့နှစ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

စီးပွားဖြစ် စမတ်မျက်မှန်ကို Intel လိုကုမ္ပဏီအကြီးအစား ထုတ်လုပ်မယ်ဆိုတဲ့ သတင်းဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမဲ့ နည်းပညာကုမ္ပဏီအများစုက AR စမတ်မျက်မှန်ကို ထုတ်လုပ်ဖို့ စိတ်ဝင်စားမှုနည်းပါးနေပါတယ်။ Amazon ကလည်း Alexa အထောက်အပံ့ ပါဝင်တဲ့ မျက်မှန်ကို ဖန်တီးနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဒါပေမဲ့ Apple, Facebook နဲ့ Google တို့က ဖုန်းအခြေပြု AR ကို မိတ်ဆက်ဖို့ ပိုမိုအာရုံစိုက်နေကြပါတယ်။

စိုးထက်
Ref: TheVerge