၂၀၁၇ ခုနှစ်အတွင်း Prime ကနေ ကုန်ပစ္စည်း ၅ ဘီလျံကျော် Amazon ပေးပို့ခဲ့

၂၀၁၇ ခုနှစ်အတွင်း Prime ဝန်ဆောင်မှုကနေတစ်ဆင့် ကုန်ပစ္စည်း ၅ ဘီလျံကျော်ကို တင်ပို့ခဲ့ရတယ်လို့ Amazon က ထုတ်ပြန်ခဲ့ပါတယ်။

Prime ဝန်ဆောင်မှုကို တစ်လရယူမယ်ဆိုရင် ဒေါ်လာ ၁၀.၉၉ ကျသင့်နိုင်သလို တစ်နှစ်ယူမယ်ဆိုရင် ၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ Prime ဝန်ဆောင်မှုဟာ အမေရိကန်နိုင်ငံအတွင်းမှာ ဝယ်ယူထားတဲ့ ထုတ်ကုန်တချို့ကို နှစ်ရက်အတွင်း အခမဲ့တင်ပို့တဲ့ ထောက်ပံ့မှု ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Prime Video နဲ့အကန့်အသတ်မရှိတဲ့ ရုပ်ရှင်တွေနဲ့ တီဗီအစီအစဉ် အခြားဝန်ဆောင်မှုတွေလည်း ရှိပါတယ်။

၂၀၁၇ ခုနှစ်မှာ Prime ရဲ့ ငွေကြေးပေးသွင်းအသုံးပြုတဲ့ အဖွဲ့ဝင်တွေဟာ အရင်နှစ်တွေကထက် များပြားတယ်လို့ Amazon Prime ဒုဥက္ကဋ္ဌ ဂရပ်ဂရီလေက ထုတ်ပြန်ခဲ့ပါတယ်။ “အဖွဲ့ဝင်တွေဟာ Prime Video, Prime Music နဲ့ Prime Reading တွေကို အရင်ကထက် ပိုမို အသုံးပြုလာကြပါတယ်” လို့ ဂရပ်ဂရီလေက ပြောပါတယ်။

၂၀၁၇ ခုနှစ်ဟာ အကြီးကျယ်ဆုံး အားလပ်ရက်ရာသီ ဖြစ်တယ်လို့ ပြီးခဲ့တဲ့အပတ်မှာ Amazon ကပြောခဲ့ပါတယ်။ တစ်ပတ်အတွင်း လူဦးရေလေးသန်းကျော်လောက် Prime ကိုစမ်းသပ်သုံးစွဲခဲ့သလို အဖွဲ့ဝင်ကြေးကိုလည်း ပေးသွင်းခဲ့ကြပါတယ်။

Amazon ရဲ့ကိုယ်ပိုင် Fire TV Stick နဲ့ Echo Dot တို့ဟာလည်း အမေရိကန်နိုင်ငံအတွင်းက Prime အဖွဲ့ဝင်တွေ ဝယ်ယူကြတဲ့ ထိပ်တန်းထုတ်ကုန်စာရင်းမှာ ဦးဆောင်နေပါတယ်။

စိုးထက်
Ref: CNET