၂၀၁၇ ခုနှစ်အတွက် စမတ်ဖုန်းတင်ပို့ရောင်းချမှုသတ်မှတ်ချက် ပြည့်မီခဲ့တဲ့ Xiaomi

ယခုနှစ် ၁၀ လအတွင်း Xiaomi က စမတ်ဖုန်း သန်း ၇၀ တင်ပို့ရောင်းချခဲ့ပြီး ဒါဟာ ၂၀၁၇ ခုနှစ်အတွက် ကုမ္ပဏီရဲ့ တင်ပို့ရောင်းချမှု သတ်မှတ်ချက် ပြည့်မီခဲ့တာဖြစ်တယ်လို့ Xiaomi တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Lei Jun က ပြောကြားခဲ့ပါတယ်။

လာမယ့်နှစ်မှာ ဟန်းဆက် သန်း ၁၀၀ တင်ပို့ရောင်းချဖို့ ရည်မှန်းထားတဲ့ တရုတ်ဘတ်ဂျက်ဖုန်းကုမ္ပဏီဟာ တစ်နှစ်စာအတွက် ရောင်းအားသတ်မှတ်ချက် ယွမ် ၁၀၀ ဘီလျံကိုလည်း ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Xiaomi ဟာ ၂၀၁၇ ခုနှစ်မှာ စမတ်ဖုန်း သန်း ၇၀ကို ၁၀ လအတွင်း တင်ပို့ရောင်းချနိုင်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ် တင်ပို့ရောင်းချမှု သတ်မှတ်ချက်က ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ Lei က တရုတ်မီဒီယာအဖွဲ့တစ်ခုထံ ပြောကြားခဲ့ပါတယ်။ Xiaomi ရဲ့ ၂၀၁၇ ခုနှစ်အတွက် ဟန်းဆက်တင်ပို့ရောင်းချမှု သတ်မှတ်ချက်က ၇၁ သန်း ဖြစ်ပါတယ်။

ဒါ့အပြင် Xiaomi က ကုမ္ပဏီရဲ့ ပထမဆုံး flagship store “Mi Home” ကို ရှန်ကျန်းမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီစတိုးဟာ အကြီးဆုံး “Mi Home” store ဖြစ်တယ်လို့ သိရပါတယ်။

ယခုနှစ် တတိယသုံးလပတ်မှာ Xiaomi က ကမ္ဘာ့စမတ်ဖုန်းအဆင့်သတ်မှတ်ချက်ရဲ့ အဆင့် ၅ နေရာကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့ IDC က ဖော်ပြခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီသုံးလပတ်မှာ ဟန်းဆက်စုစုပေါင်း ၂၇.၆ သန်း တင်ပို့ခဲ့ပြီး ပြီးခဲ့တဲ့နှစ် အလားတူကာလကထက် ၁၀၂.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဈေးကွက်ရှယ်ယာကလည်း မြင့်တက်လာခဲ့ပြီး ၂၀၁၆ ခုနှစ် တတိယသုံးလပတ်က ၃.၇ ရာခိုင်နှုန်းရှိရာမှာ ၇.၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: ZDNet