၂၀၁၄ တွင် ဟက်ကာများက account ၁.၇ သန်းရဲ့ အချက်အလက်များ ခိုးယူခဲ့ကြောင်း Imgur အတည်ပြု

၂၀၁၄ ခုနှစ် အချက်အလက် ပေါက်ကြားမှုမှာ account ၁.၇ သန်းရဲ့ အီးမေးလ်လိပ်စာတွေနဲ့ password တွေ ခိုးယူခံခဲ့ရတယ်လို့ ဓာတ်ပုံဝေမျှတဲ့ ဝက်ဘ်ဆိုက် Imgur က ပြောကြားလိုက်ပါတယ်။ ဒီပေါက်ကြားမှုကို မကြာသေးခင်ကမှ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

နှစ်အတန်ကြာပြီဖြစ်တဲ့ ဒီအချက်အလက်ပေါက်ကြားမှုကို ကြာသပတေးနေ့ကမှ လုံခြုံရေးသုတေသီတစ်ဦးဆီကနေ ပထမဆုံး သိရှိရတာဖြစ်တယ်လို့ Imgur က ပြောကြားခဲ့ပါတယ်။ အဲ့ဒီ လုံခြုံရေးသုတေသီဟာ အချက်အလက်ကျိုးပေါက်မှုရှာဖွေရေးဝန်ဆောင်မှု Have I Been Pwned ကို ဖန်တီးထားတဲ့ Troy Hunt ဖြစ်တယ်လို့ ZDNet က ဖော်ပြခဲ့ပါတယ်။

ဒီအချက်အလက် ပေါက်ကြားမှုဟာ Imgur သုံးစွဲသူ သန်း ၁၅၀ ထဲက အရေအတွက်အနည်းငယ်တွင်သာ ဖြစ်ပွားခဲ့ပြီး ဝက်ဘ်ဆိုက်က နာမည်အရင်းတွေ၊ လိပ်စာတွေနဲ့ ဖုန်းနံပါတ်တွေကို မရယူထားတာကြောင့် သုံးစွဲသူရဲ့ ကိုယ်ရေးအချက်အလက်တွေ မပေါက်ကြားခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး အဲ့ဒီအချိန်ကအသုံးပြုခဲ့တဲ့ password encryption စနစ်အဟောင်း တစ်ခုကြောင့် ဟက်ကာတွေက brute force attack တစ်ခုကိုသုံးပြီး စနစ်ကို ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ Imgur က ပြောကြားခဲ့ပါတယ်။ အဲ့ဒီစနစ်ကို ပြီးခဲ့တဲ့နှစ်က အဆင့်မြှင့်ခဲ့တယ်လို့လည်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

“ဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေပါတယ်။ ကျွန်တော်တို့ သိရှိတာတွေနဲ့ ကျွန်တော်တို့ လုပ်ဆောင်နေတာတွေကို အတတ်နိုင်ဆုံး ချက်ချင်း ထုတ်ပြန်သွားမှာပါ” လို့ Imgur က ထုတ်ပြန်ခဲ့ပါတယ်။

-နောင်နောင်
Ref : CNET