၀တ်ဆင်အသုံးပြုနိုင်သော ပစ္စည်းများဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်း နည်းပညာများအပေါ် လေ့လာကြည့်ရာဝယ်

စွမ်းအင်သည် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးများ၏ မောင်းနှင်အားနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အနာဂတ်ဖွံ့ ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော အရာလည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စွမ်းအင်သုံးစွဲမှုသည် လျင်မြန်စွာ တိုးတက်လျက်ရှိပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူနေမှု အဆင့်အတန်းသည်လည်း မြင့်မားလာသလို စွမ်းအင်လိုအပ်ချက်လည်း တဖြည်းဖြည်း တိုးတက်လာခဲ့ပြီ ဖြစ်ပါသည်။ ထိုသို့စွမ်းအင် လိုအပ်ချက် မြင့်မားတိုးတက်လာခြင်းနှင့်အတူ စွမ်းအင်လို အပ်ချက်ကို ဖြေရှင်းနိုင်ရန် ဘက်စုံဆောင်ရွက် လာခဲ့ကြသည်ကိုလည်း လေ့လာတွေ့ရှိရမည် ဖြစ်ပါသည်။

ယနေ့အချိန်အခါတွင် ဝတ်ဆင်အသုံးပြုနိုင်သော နည်းပညာ (Wearable Technology) ဟူသည့် ရေပန်းစားမှုအရှိဆုံး စကားလုံး တစ်ခုလည်းဖြစ်ပေသည်။ ပေါ့ပါးမှုရှိပြီး ရိုးရှင်းလွယ်ကူစွာဖြင့် ဝတ်ဆင်အသုံးပြုနိုင်သော အီလက်ထရောနစ် ပစ္စည်းများကို ခေါ်ဆိုခြင်းလည်း ဖြစ်သည်။ အဆိုပါနည်းပညာသည် ကျန်းမာရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ပေးသည့် လက်တွင် ဝတ်ဆင်နိုင်သည့် လက်ပတ်များကို တီထွင်အသုံးပြုခြင်းမှ ဆက်လက်၍ ပိုမိုတိုးတက် ဆောင်ရွက်လာခဲ့ခြင်းလည်း ဖြစ်ပေသည်။ ဘက်ထရီစနစ်အားဖြင့် ကန့်သတ်ချက်များ ရှိနေသေးသော်လည်း ထိုနည်းပညာ အသုံးပြု ပစ္စည်းများသည် ကာလရှည်အသုံးပြုနိုင်မည့် ပစ္စည်းများလည်းဖြစ်ပေသည်။ လက်ရှိတီထွင်သူများအနေဖြင့် တစ်ကိုယ်ရည် စစ်ဆေးခြင်းဆိုင်ရာ အီလက်ထရောနစ် ပစ္စည်းများကို တီထွင်အသုံးပြု လာခဲ့ကြသော်လည်း ဝတ်ဆင်အသုံးပြုခြင်းမှတစ်ဆင့် စွမ်းအင်ထုတ်လုပ်နိုင်မည့် ပစ္စည်းများကိုလည်း တီထွင်ထုတ်လုပ် ခဲ့ကြသည်ကို လေ့လာတွေ့ ရှိရပေသည်။

အဆိုပါပစ္စည်းများမှာ လမ်းလျှောက်ခြင်းမှ စွမ်းအင်ထုတ်လုပ်ပေးနိုင်မည့် စနစ်၊ နာရီ၊ အဝတ်အစား၊ ဆိုလာဆဲလ်ချည်ထည်၊ ခန္ဓာကိုယ်အပူမှ လျှပ်စစ်ထုတ်ယူမည့်စနစ်၊ တည်ငြိမ်မှုမှ တစ်ဆင့် လျှပ်စစ်ထုတ် လုပ်နိုင်မည့်စနစ်၊ ဇင့်-အိုင်းယွန်း ဘက်ထရီ၊ ဖိုင်ဘာ၊ ရှူးဖိနစ်၊ ချွေးမှတစ်ဆင့် လျှပ်စစ်ထုတ်လုပ်ခြင်း စနစ်၊ အတွင်းခံမှ လျှပ်စစ်ထုတ်လုပ်ခြင်းစနစ်၊ ကျောပိုးအိတ်မှ ထုတ်လုပ်ခြင်းစနစ် အစရှိသည်တို့ ဖြစ်သည်။ ယခုအခါတွင် အဆိုပါ ဝတ်ဆင်အသုံးပြုနိုင်သော နည်းပညာ အခြေခံကိရိယာများကို အရပ်ဘက်တွင်သာမက ခေတ်မီ အင်အားကြီး တပ်မတော်များတွင် စတင်အသုံးပြု နေခဲ့ကြသည်ကိုလည်း တွေ့ရှိရမည်ဖြစ်သည်။

နာရီ

စွမ်းအင် ထုတ်လုပ်ပေးနိုင်သည့် Piezoelectric Quartz နာရီများသည် ယနေ့အချိန်အထိ စတိုင်ကျမှုရှိနေသလို အကောင်းဆုံးနာရီအဖြစ်လည်း ကျန်ရှိနေဆဲပင်ဖြစ်သည်။ အဆိုပါနာရီများအနေဖြင့် စွမ်းအင်ထုတ်လုပ်ရန်အတွက် Piezoelectric Quartz Crystal များကို အသုံးပြုပါသည်။ ထိုနာရီစနစ်သည် ချိန်သီးလှုပ်ရှားခြင်းဖြင့် ချိတ်ဆက်ထားသည့် ဂီယာများမှတစ်ဆင့် လျှပ်စစ်ကို ထုတ်လုပ်ပေးခြင်း ဖြစ်သည်။ ထိုလျှပ်စစ်ကို လျှပ်သိုပစ္စည်း၊ သို့မဟုတ် ပြန်လည်အားဖြည့် သွင်းနိုင်သည့် ဘက်ထရီများသို့ အားသွင်းခြင်းဖြင့် စွမ်းအင်ရရှိစေမည် ဖြစ်သည်။

အဝတ်အစား

ဂျော်ဂျီယာ နည်းပညာတက္ကသိုလ်မှ သုတေသီများသည် လှုပ်ရှားမှုမှ ထုတ်လုပ်နိုင်မည့် ချည်ထည် တစ်မျိုးကို တီထွင်ထုတ် လုပ်ခဲ့ကြပေသည်။ အဆိုပါ ချည်ထည်မှတစ်ဆင့် လျှပ်စစ်ထုတ်လုပ်ရန်အတွက် Triboelectric Nanogenerators ကို အသုံးပြုစေပါသည်။ အဆိုပါ ဂျင်နရေတာသည် Triboelectric သက်ရောက်မှုနှင့်တည်ငြိမ်လျှပ် စစ်ပေါင်းစပ်မှုကို ထိတွေ့စေခြင်းဖြင့် မည်သည့်လှုပ်ရှားမှုမျိုးမှဆို လျှပ်စစ်ထုတ်လုပ်ခြင်းလည်း ဖြစ်သည်။

ဆိုလာဆဲလ်ချည်ထည်

တရုတ်နိုင်ငံမှ သုတေသီများ အပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှ သုတေသီများအနေဖြင့် ပိုလီမာဆိုလာဆဲလ် ချည်ထည်ကို တီထွင်ထုတ်လုပ်နိုင်ခဲ့ကြပြီးလည်း ဖြစ်ပါသည်။ အဆိုပါချည်ထည် သည်လည်း နည်းပါးသည့် လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်မည်လည်း ဖြစ်သည်။

ကိုယ်အပူချိန်မှ လျှပ်စစ်ထုတ်လုပ်ခြင်းစနစ်

Korea Advanced Institute of Science & Technology-KAIST မှ သုတေသီများသည် ခန္ဓာကိုယ်အပူချိန်မှ စွမ်းအင်ထုတ်ယူနိုင်မည့် စနစ်တစ်ခုကို တီထွင်ခဲ့ကြပါသည်။ သုတေသီတို့ အနေဖြင့် ပျော့ပျောင်းမှုရှိသည့် Thermo electric-TE စွမ်းအင်ထုတ်ယူခြင်းစနစ်ကို အခြေခံ တည်ဆောက်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါစွမ်းအင် ထုတ်လုပ်မှုစနစ်သည် အနာဂတ်တွင် ဝတ်ဆင်အသုံးပြုနိုင်သော ပစ္စည်းများကို စွမ်းအင်ပေးရာတွင် ကောင်းစွာ အထောက်အပံ့ ရှိစေမည် ဖြစ်သည်။

တည်ငြိမ်လျှပ်စစ် ထုတ်ယူခြင်းစနစ်

iTeng သည် Triboelectric Nano-generation ပုံစံကွဲ တစ်ခုဖြစ်ပြီး ၎င်းသည်တည်ငြိမ်လျှပ်စစ်မှ စွမ်းအင်ထုတ်ယူခြင်း စနစ်ဖြစ်သည်။ အဆိုပါစနစ်များကို အနာဂတ်တွင် ကိုယ်တွင်းထည့်သွင်း အသုံးပြုရသည့် ပစ္စည်းများကို စွမ်းအင်ပေးရန်အတွက် များစွာ အသုံးပြုလာနိုင်ပြီး အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်ရေးစနစ်များအနေဖြင့် ကိုယ်တိုင်စွမ်းအင်ထုတ်လုပ်နိုင် စေရန်အတွက် အသုံးပြုနိုင် မည်ဖြစ်သည်။

ချည်မျှင်မှထုတ်ယူခြင်း

သုတေသီများသည် ကွေးညွှတ်ရုံ၊ ဆွဲဆန့်ရုံ၊ လျှော်ဖွပ်ရုံ၊ သို့မဟုတ် ဖြတ်တောက်ရုံမျှဖြင့် ပင်လျှပ်စစ်ကို ထုတ်ယူနိုင်မည့် ချည်မျှင်ကို တီထွင်ထုတ်လုပ်ခဲ့ကြပြီး ထိုချည်မျှင်မှ ထွက်ရှိသော လျှပ်စစ်ကို အားသွင်းနိုင်မည့် ဇင့်-အိုင်းယွန်း ဘက်ထရီစနစ် တစ်ခုကိုလည်း အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြပါသည်။ အဆိုပါ တီထွင်မှုရည်ရွယ်ချက်သည် နောင်တစ်ချိန်တွင် စမတ်အဝတ်အစားများ (Smart Clothes) ထုတ်လုပ်အသုံးပြုခြင်းတွင် အသုံးချနိုင်ရန်အတွက် ဖြစ်သည်။ အမေရိကန် ကြည်းတပ်သုတေသန အနေဖြင့်လည်း ထိုသို့သောချည်မျှင်များ ပါဝင်သည့် စစ်ဝတ်စုံများကို တိုက်ခိုက်ရေးစစ်သည်များအတွက် တီထွင်ထုတ်လုပ် အသုံးချနိုင်ရန်စီစဉ်ထားရှိပါသည်။

ရှူးဖိနပ်မှ လျှပ်စစ်ထုတ်လုပ်ခြင်း

ဂျော်ဂျီယာနည်းပညာတက္ကသိုလ်မှ ပညာရှင်များအနေဖြင့် Triboelectric နည်းပညာကို အသုံးပြုလျက်ရှူးဖိနပ်၏ အောက်ခံခုံမှတစ်ဆင့် လျှပ်စစ်ထုတ်လုပ်နိုင်ခဲ့ခြင်းကို ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါဖိနပ်အနေဖြင့် စွမ်းအင်များကို လမ်းလျှောက် လျက်ဖြစ်စေ၊ သို့မဟုတ် ပြေးလျက်ဖြစ်စေ ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ နည်းပညာစမ်းသပ်မှုအရ အမြင့်ဆုံးထုတ်လုပ် ပေးနိုင်မှုသည် ၂၂၀ ဗို့နှင့် ၄၀ အမ်ပီယာရှိသည်ဟုဆိုသည်။

ချွေးမှတစ်ဆင့် လျှပ်စစ်ထုတ်လုပ်ခြင်း

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ခန္ဓာကိုယ်မှထွက်ရှိသော ချွေးမှတစ်ဆင့် လျှပ်စစ်ထုတ်လုပ်နိုင်ခြင်းဆိုသည့် တီထွင်မှုပင်ဖြစ်သည်။ ချွေးတွင် လက်တစ်အက်ဆစ် (Lactate) ပါဝင်ရာ အဆိုပါ အက်ဆစ်ကို လောင်စာအဖြစ် အသုံးပြုခြင်းဖြင့် သေးငယ်သည့် လျှပ်စစ်စီးကြောင်းကို ထုတ်လုပ်ပေးနိုင်ပါသည်။ ချွေးစက်များကို နာနိုချောင်းအတွင်းသို့ ထည့်သွင်းလိုက်ခြင်းဖြင့် ဇီဝလောင်စာစနစ်အဖြစ် ပြောင်းလဲစေပါသည်။ ထို့နောက်ဓာတုဗေဒ ဓာတ်ပြုမှုဖြစ်စဉ်ဖြင့် ဆောင်ရွက် လိုက်သည့်အခါတွင် ဝတ်ဆင်အသုံးပြုနိုင်သည့် အရာများကို ဓာတ်အားသွင်းနိုင်မည်ဖြစ်သည်။ စစ်သည်များအနေဖြင့် ကင်းလှည့်ခြင်းများ ဆောင်ရွက်ရသည့်အခါ လှုပ်ရှားစစ်ကစားခြင်းဖြင့် ထွက်ရှိလာသည့် ချွေးများကို အသုံးချ၍လျှပ်စစ်စနစ်ကို ထုတ်ယူနိုင်စေရန် ဆောင်ရွက်ခြင်းဖြင့် လိုအပ်သလို ပြန်လည် အသုံးချနိုင်မည် ဖြစ်သည်။ အထူးသဖြင့် သုတေသီများသည် ဝတ်ဆင်အသုံးပြုနိုင်သော နည်းပညာများမှ လျှပ်စစ်ထုတ်လုပ်ခြင်းတွင် Piezoelectric Energy ကို အသုံးပြုလျက် လှုပ်ရှားမှုမျိုးစုံမှ သော်လည်းကောင်း လျှပ်စစ်ထုတ် လုပ်နိုင်ရန်အတွက် အသီးသီးတီထွင်ထုတ်လုပ်ခဲ့ကြကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

-ကျော်လင်း (အမိမြေ)