မြန်မာနိုင်ငံအတွင်း Broadband စနစ်ပိုမို ဖွံ့ဖြိုးရန်အခြေခံအချက်အချို့ လိုအပ်နေ

မြန်မာနိုင်ငံမှာအင်တာနက် Broadband စနစ်ပိုမိုဖွံ့ဖြိုးဖို့ အခြေခံအချက်အချို့ လိုအပ်နေ သေးတယ်လို့ Huawei Carrier Network Business Group ရဲ့ Vice President ဖြစ်သူ Mr Zhou Jianjun ကပြောပါတယ်။

ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ Emerging Market Summit မှာ အင်တာနက်ဂျာနယ်ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု၊ အစိုးရနဲ့ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုနဲ့ အခွန်စနစ်တွေစတဲ့ အချက်တွေ လိုအပ်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

“ပြည်တွင်း Broadband စနစ်ပိုမိုဖွံ့ဖြိုးဖို့ အခြေခံအဆောက်အဦတွေကတော့ အဓိကလိုအပ်ပါတယ်၊ အဲဒီအတွက် ရင်းနှီးမြှုပ်နှံမှု၊ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေက အရမ်းအရေးကြီးပါတယ်၊ အဲဒါတွေမပြည့်စုံဘူး ဆိုရင်နည်းပညာကို အကောင်အထည်ဖော်လို့ မရဘူး” လို့ဆိုပါတယ်။

လက်ရှိပြည်တွင်းဈေးကွက်မှာ 3G နဲ့ 4G လည်း တွင်ကျယ်လာတာတွေ့ရကြောင်း၊ မြန်မာဈေးကွက် ဟာအခြားဈေးကွက်နဲ့ယှဉ်ရင် လျင်မြန်တိုးတက်မှု အရှိန်မြင့်ကြောင်း သူကပြောပါတယ်။

“ဘယ်ဈေးကွက်မှာမဆို နည်းပညာက လိုအပ်ပါတယ်၊ Business Model လည်းလိုအပ်ပါတယ်” လို့ သူကဆက်လက်ပြောကြား ပါတယ်။ အင်တာနက် အသုံးပြုမှုများလာတာနဲ့အမျှ ဒီဂျစ်တယ်ဝန်ဆောင်မှုတွေ data consumption တွေ လိုအပ်လာမှာဖြစ်ပြီး ဒီနေ့ခေတ်မှာ အွန်လိုင်းဈေးဝယ်မှုတွေ အွန်လိုင်းဖျော်ဖြေရေးတွေ အွန်လိုင်းပညာရေးနဲ့ အွန်လိုင်းကနေ ကျန်းမာရေး ဝန်ဆောင်မှုတွေလည်း တွင်ကျယ်လာတာကြောင့် ဒီဂျစ်တယ်စီးပွားရေး ယှဉ်ပြိုင်မှုတွေ အရေးကြီးလာတယ်လို့ သူကဆိုပါတယ်။

-ထွန်းထွန်း