မြန်မာအမျိုးသမီး နည်းပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် Geek Girls Myanmar ကိုစတင်တည်ထောင်

10433082_389257351238837_457346582648075227_n.jpg

မြန်မာအမျိုးသမီး နည်းပညာရှင်များ၊ နည်းပညာရှင် ကျောင်းသူများနှင့် နည်းပညာကို စိတ်ဝင်စားသော အမျိုးသမီးများ ပါဝင်သည့် Geek Girls Myanmar ဟူသည့် အဖွဲ့အစည်း တစ်ရပ်ကို ယခုလ တတိယပတ်တွင်  စတင်ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

နည်းပညာတွင် ထူးခြားကျွမ်းကျင်သော မြန်မာပြည်မှ မိန်းကလေးများဟု ခေါ်ဆိုသည့် Geek Girls Myanmar အဖွဲ့အစည်းကို ပြည်ပဆက်သွယ်ရေး ကုမ္ပဏီဖြစ်သော Ooredoo Myanmar ၏ Idea Box အစီအစဉ်က စတင်ထူ ထောင်လိုက်ခြင်း ဖြစ်သည်။“နည်းပညာ နယ်ပယ်မှာ အမျိုးသမီးများ ပါဝင်ပတ်သက်စေခြင်းဟာ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတိုင်းမှာ ရှိသင့်တဲ့ အချက်ပဲဖြစ်ပါတယ်။ အခုဆိုရင် မြန်မာပြည်မှာ အခြေခံအဆင့်ကနေ စတင်ပြီး လေ့လာတိုးတက်ဖို့ နည်းပညာနယ်ပယ်မှာ ပါဝင်ပတ်သက်ကြဖို့ အခွင့်အလမ်းတွေ ရနေတာကို ကျွန်မတို့ တွေ့နေရပါတယ်”ဟု  Geek  Girls  Myanmar ၏အကြံပေး Adrianna Tan က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော မြန်မာအမျိုးသမီးများဖြင့် ဖွဲ့စည်းထားသည့် နည်းပညာနှင့် သက်ဆိုင်သည့် အဆိုပါ အဖွဲ့အစည်းကို တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ ပြည်တွင်း အိုင်စီတီကဏ္ဍတွင် မြန်မာ အမျိုးသမီးများ ပိုမိုပါဝင်လာ နိုင်ရန်ဖြစ်ကြောင်း Ooredoo Myanmar ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး တာဝန်ခံ ဒေါ်သီရိကြာညိုက ပြောကြားသည်။

Geek Girls Myanmar တည်ထောင်ရခြင်း ရည်ရွယ်ချက်နှင့် ၎င်းတို့လုပ်ဆောင်မည့် လုပ်ငန်းများ နှင့်ပတ်သက်ပြီး အဆိုပါ အဖွဲ့အစည်းကို ဦးဆောင်စီစဉ်သူ ဒေါ်စန္ဒီစိန်သိဏ်းက  “နည်းပညာကဏ္ဍတွေမှာ အမျိုးသမီးထု အများဆုံးတွေ့ကြုံ နေကြရတဲ့ အခက်အခဲတွေ သေသေချာချာ အချိန်တွေ နေရာတွေပေးပြီး  ခေါင်းစဉ်နဲ့ တကွဆွေးနွေး သွားကြဖို့ရှိပါတယ်။  အခုလိုအချိန်မျိုးမှာ မြန်မာပြည်က အမျိုးသမီးထုအနေနဲ့ နည်းပညာနယ်ပယ်မှာ ဘယ်လိုနေရာမျိုးက ပါဝင်ပတ်သက် သွားမယ်ဆိုတာ တွေးခေါ်ဖို့ အချိန်သင့်ပါပြီ”ဟုပြောသည်။

မြန်မာအမျိုးသမီး နည်းပညာရှင်များနှင့် ကျောင်းသူများအပြင် နည်းပညာကို စိတ်ဝင်စားသည့် အမျိုးသမီးများ ပါဝင်မည့် ယင်းအဖွဲ့အစည်းသည် ပြည်တွင်း နည်းပညာ နယ်ပယ်တွင် အမျိုးသမီးများအတွက် အခက်အခဲဖြစ်စေ သည့်ပြဿနာ မှန်သမျှကို ဖြေရှင်းဆောင်ရွက် သွားမည်ဖြစ်ပြီး အမျိုးသားများနှင့်  တန်းတူယှဉ်ပြိုင် နိုင်ရန်အတွက် လာမည့် ၂၀၁၅ ခုနှစ်မှစတင်ကာ အလုပ်ရုံ ဆွေးနွေးပွဲများကို ဆက်တိုက်ကျင်းပတော့ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Geek Girls Myanmar သည် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် Programming နည်းပညာအကြောင်း ကျင်းပပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲ၊ ညီလာခံများနှင့် ပတ်သက်ပြီး လာမည့်နိုဝင်ဘာတွင် တွေ့ဆုံဆွေးနွေး သွားကြမည်ဖြစ်ကြောင်း သိရသည်။

-ယုဇနကိုကို