ခြောက်မိနစ်အတွင်း ၂၅ မိုင်အထိ သွားလာနိုင်တဲ့ ကိုယ်ပိုင် Hyperloop ယာဉ်ကို အိန္ဒိယမိတ်ဆက်

အိန္ဒိယဟာ နိုင်ငံရဲ့အရှေ့တောင်ဘက်မှာ တစ်နာရီ မိုင် ၂၅၀ အထိ သွားလာနိုင်တဲ့ Hyperloop သယ်ယူပို့ဆောင်ရေးစနစ်ကို တည်ဆောက်သွားမယ်လို့ သိရပါတယ်။

Hyperloop ယာဉ်တွေက ဗီဂျေဝါဒါနဲ့ အမ်ရာဗာတီ မြို့အကြား ခြောက်မိနစ်အတွင်း ၂၅ မိုင်အထိ သွားလာနိုင်ပါတယ်။ အန်ဒရာပရာဒတ်ခ်ျပြည်နယ်ကို ဖြတ်သန်းသွားလာရတဲ့ အဲဒီခရီးစဉ်ဟာ ကားနဲ့သွားလာရင် တစ်နာရီကျော် ကြာမြင့်ပါတယ်။

Hyperloop နဲ့ ခရီးသွားလာတဲ့နည်းလမ်းကို SpaceX တည်ထောင်သူ အီလွန်မက်စ်က ရှင်းလင်းပြခဲ့ပြီး အဲဒီနည်းလမ်းနဲ့ အလွန်ကွာဝေးတဲ့ တည်နေရာတွေကို တစ်နာရီ မိုင် ၇၀၀ မြန်နှုန်းနဲ့ လူတွေကို သယ်ယူပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Hyperloop မှာ လေဟာနယ်ဖန်တီးဖို့ လေကိုဖယ်ထုတ်နိုင်တဲ့ ပိုက်လိုင်းရှည်ကြီး တစ်ခုလည်း ပါဝင်ပါတယ်။

လော့စ်အိန်ဂျလိစ် အခြေစိုက် Hyperloop Transportation Technologies (HTT) ဟာ Hyperloop စနစ်ကို ဒီဇိုင်းထားခဲ့တဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ HTT အနေနဲ့ Hyperloop သယ်ယူပို့ဆောင်ရေးစနစ်ကို တည်ဆောက်တဲ့အခါ အကူအညီပေးဖို့ အန်ဒရာပရာဒတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (APEDB) နဲ့ သဘောတူညီမှု ချုပ်ဆိုနိုင်ခဲ့ပါတယ်။

အောက်တိုဘာလမှာ HTT က စီမံကိန်းပထမအဆင့်အနေနဲ့ ခြောက်လကြာလေ့လာမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မြို့ပတ်ပတ်လည်ကို လေ့လာဆန်းစစ်မှုတွေပြုလုပ်ဖို့အတွက် ဒေသတွင်းကုမ္ပဏီနဲ့ လက်တွဲလုပ်ဆောင်သွားပြီး မြို့နှစ်မြို့အကြား အကောင်းဆုံးလမ်းကြောင်း ရှာဖွေသွားပါမယ်။ ခြောက်လအကြာ လေ့လာဆန်းစစ်အပြီးမှာ စီမံကိန်းကို စတင်အကောင်အထည်ဖော်ပြီး Hyperloop စနစ်ကို တည်ဆောက်သွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: DailyMail