လျှော်ပြီးသား အဝတ်တွေကို လေးမိနစ်အတွင်း ခေါက်ပေးမယ့် FoldiMate

လျှော်ပြီးသား အဝတ်အထည်တွေကို ခေါက်နိုင်တဲ့ FoldiMate စက်ကို ပြီးခဲ့တဲ့နှစ် CES ပြပွဲမှာ ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့တုန်းက အမှာစာ ၈,၀၀၀ အထိရရှိခဲ့တယ်လို့ ကုမ္ပဏီရဲ့ ဘလော့မှာဖော်ပြခဲ့ပါတယ်။

အဲဒီ အင်္ကျီခေါက်စက်ဟာ ဒေါ်လာ ၈၅၀ လောက် ကျသင့်ပြီး အရွယ်အစားကလည်း အဝတ်လျှော်စက်လောက် ရှိပါတယ်။ အခုအခါမှာတော့ ကုမ္ပဏီက FoldiMate နောက်ဆုံးဗားရှင်းအတွက် ကြိုတင်မှာယူမှုကို စတင်လက်ခံနေပါပြီ။ FoldiMate ကိုထုတ်လုပ်တဲ့ ကုမ္ပဏီက အိမ်သုံးပစ္စည်းထုတ်လုပ်တဲ့ ဥရောပကုမ္ပဏီ BSH နဲ့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်အကုန်မှာ အင်္ကျီခါက်စက် မော်ဒယ်သစ်ကို ရောင်းချသွားမယ်လို့ သိရပါတယ်။ FoldiMate မော်ဒယ်သစ်ဟာ ဒေါ်လာ ၉၈၀ ကျသင့်မှာဖြစ်ပြီး ဒီဇိုင်းပိုင်းကို ပြင်ဆင်ထားပါတယ်။

FoldiMate ဟာ ရှပ်အင်္ကျီတွေ၊ ကြယ်သီးတပ်ထားတဲ့ ဘလောက်စ်နဲ့ ဘောင်းဘီတွေအပြင် ကလေးအင်္ကျီတွေကနေ လူကြီးဝတ် XXL အဝတ်အထည်တွေအထိ ခေါက်ပေးနိုင်ပါတယ်။ အဝတ်အထည် အခု ၂၀ ကနေ ၄၀ ကို နှစ်မိနစ်က လေးမိနစ်အတွင်း ခေါက်ပေးနိုင်ပါတယ်။

FoldiMate မော်ဒယ်သစ်ဟာ မျက်နှာသုတ်ပဝါ၊ ခေါင်းအုံးစွပ်တွေကိုလည်း ခေါက်နိုင်ပါသေးတယ်။ ဒါပေမဲ့ ခြေစွပ်နဲ့ အတွင်းခံတွေကိုတော့ မခေါက်နိုင်သေးပါဘူး။

အရင်တုန်းက ထွက်ရှိခဲ့တဲ့ FoldiMate မော်ဒယ်မှာ ပါဝင်တဲ့ တွန့်ကြေတာတွေကို ဖြန့်ပေးခြင်းနဲ့ ရနံ့ထည့်ပေးခြင်း စတဲ့ add-on တွေပါဝင်ပေမယ့် အခုမော်ဒယ်မှာတော့ ပိုကောင်းတဲ့ folding နည်းပညာကြောင့် အဲ့ဒီ add-on တွေကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge