ရွေးကောက်ပွဲကာလအတွင်း ရုရှားနဲ့ချိတ်ဆက်ထားတဲ့ account တွေမှာ Facebook က ကြော်ငြာရောင်းချခဲ့ဟုဆို

Facebook ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလအတွင်း ရုရှားနှောင့်ယှက်မှုမှာ ထင်ထားတာထက် ထဲထဲဝင်ဝင် ပါဝင်နေဖွယ် ရှိပါတယ်။

Facebook အနေနဲ့ ရွေးကောက်ပွဲကာလအတွင်းမှာ ရုရှားနဲ့ အဆက်အသွယ်ရှိတဲ့ account တွေမှာ ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိတဲ့ ကြော်ငြာတွေ ရောင်းချပေးခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားသွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် မေလအထိ ကြော်ငြာ ၃,၀၀၀ ခန့်မှာ ငွေကြေးသုံးစွဲခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ လေ့လာဆန်းစစ်သူတွေ အဲဒီ account တွေနဲ့ Page တွေဟာ အဖွဲ့အစည်းကြီး တစ်ခုမှာ ပါဝင်ပြီး ရုရှားနိုင်ငံပြင်ပမှာ လည်ပတ်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်” လို့ Facebook ရဲ့လုံခြုံရေးအကြီးအကဲ အရာရှိက blog post မှာရေးသားခဲ့ပါတယ်။

အဲဒီကိစ္စကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး တွေ့ရှိတဲ့အရာမှန်သမျှကို အမေရိကန်အာဏာပိုင်တွေဆီ တင်ပြထားတယ်လို့ Facebook ကပြောခဲ့ပါတယ်။

ကြော်ငြာနဲ့ account အများစုက ရွေးကောက်ပွဲ ဒါမှမဟုတ် ရွေးကောက်ခံမယ့် သမ္မတလောင်းတွေဖြစ်တဲ့ ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရမ့် အကြောင်းတွေကို မဖော်ပြခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီစာမျက်နှာတွေမှာ သဘောထားကွဲလွဲတဲ့ နိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေ၊ LGBT ပြဿနာတွေ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လက်နက်ကိုင်ဆောင်ခွင့် အခွင့်အရေးစတဲ့ ခေါင်းစဉ်တွေ အသားပေး ဖော်ပြခဲ့ပါတယ်။

Facebook ဟာရွေးကောက်ပွဲအပြီး နောက်ပိုင်းမှာ လူမှုကွန်ရက်က သတင်းတုတွေကို အပြင်းအထန် တိုက်ဖျက်ခဲ့ပါတယ်။ ဒါ့အပြင် သတင်းတုတွေက ငွေကြေးမရှာဖွေနိုင်အောင် ကြော်ငြာပေါ်လစီတွေကိုလည်း ပြောင်းလဲခဲ့ပါတယ်။ Facebook အနေနဲ့ သတင်းအချက်အလက်တွေကို စစ်ဆေးဖို့ third-party အချက်အလက်စစ်ဆေးသူတွေနဲ့ စတင်လက်တွဲ လုပ်ကိုင်ခဲ့ပါတယ်။

စိုးထက်
Ref: CNET