ရေနစ်နေတဲ့ သြစတြေးလျ ဆယ်ကျော်သက်နှစ်ဦးကို ဒရုန်းသုံးပြီး ကယ်တင်နိုင်ခဲ့

ကမ်းခြေကိုပြန်လှည့်ဖို့ ရုန်းကန်နေရတဲ့ ပင်လယ်ထဲက ဆက်ကျော်သက်လူငယ်နှစ်ဦးကို အသက်ကယ်ဒရုန်းသုံးပြီး ကယ်တင်နိုင်ခဲ့တဲ့ဖြစ်ရပ် သြစတြေးလျမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဒရုန်းဟာ New South Wales (NSW) ရဲ့ Lennox Head ပင်လယ်ကမ်းခြေမှာ ဒုက္ခရောက်နေတဲ့ အသက် ၁၅ နှစ်နဲ့ အသက် ၁၇ နှစ်အရွယ် ရေကူးသမားနှစ်ယောက်ကို ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။


ကမ်းခြေနဲ့ ၇၀၀ မီတာအကွာမှာ ကြီးမားတဲ့လှိုင်းလုံးတွေနဲ့ ရုန်းကန်နေရတဲ့ သူတို့နှစ်ယောက်ကို ကမ်းခြေက လူတစ်ယောက်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် အသက်ကယ်ဆယ်ရေးအဖွဲ့ (lifeguards) က Little Ripper လို့ခေါ်တဲ့ ဒရုန်းကိုစေလွှတ်ပြီး ရေပေါ်ပေါလောပေါ်နိုင်တဲ့ အရာတစ်ခု (floating device) ကို ပစ်ချကာ ရေကူးသမားနှစ်ယောက်ကို ကမ်းခြေဆီ ဘေးကင်းစွာ ပြန်လည်ရောက်ရှိစေခဲ့တာ ဖြစ်ပါတယ်။

ဒီကယ်ဆယ်မှုကို ပြည်နယ်ရဲ့ ဒုဝန်ကြီးချုပ် John Barilaro က ချီးကျူးခဲ့ပါတယ်။ “ရေကူးသမားတွေကို floating device တစ်ခုတပ်ထားတဲ့ ဒရုန်းနဲ့ ဒီလိုကယ်ဆယ်တာမျိုး အရင်က မရှိခဲ့ပါဘူး” လို့ သူက ပြောပါတယ်။

အဆိုပါဒရုန်းကို ထိန်းချုပ်မောင်းနှင်ခဲ့တဲ့ အသက်ကယ်ဆယ်ရေးအဖွဲ့ ကြီးကြပ်သူ Jai Sheridan ကလည်း ဒါဟာ “မယုံနိုင်စရာအဖြစ်အပျက်တစ်ခု” ဖြစ်တယ်လို့ ဆိုပါတယ်။

“Little Ripper UAV က အံ့အားသင့်ဖွယ်ရာကောင်းတဲ့ အသက်ကယ် ကိရိယာတစ်ခုဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်” လို့ Sheridan က Sydney Morning Herald သတင်းစာထံ ပြောကြားခဲ့ပါတယ်။

ဒီ အသက်ကယ်ဆယ်မှုဖြစ်စဉ်တစ်ခုလုံးကို ဒရုန်းရဲ့ကင်မရာက ဖမ်းယူခဲ့ပါတယ်။

-နောင်နောင်
Ref: BBC