မောင်းသူမဲ့ကားများအတွက် ကိုယ်ပိုင်ချစ်ပ်ကို Tesla နဲ့ AMD ပူးပေါင်းဖန်တီးနေ

ကုမ္ပဏီရဲ့ Autopilot နဲ့ အနာဂတ် မောင်းသူမဲ့ကားစနစ်အတွက် Nvidia ရဲ့ graphic processing unit တွေကို အားထားနေရတဲ့ Tesla ဟာ ကုမ္ပဏီရဲ့ မောင်းသူမဲ့ကားတွေအတွက် ကိုယ်ပိုင်ချစ်ပ်တစ်မျိုး ဖန်တီးနေတယ်လို့ CNBC က ဖော်ပြခဲ့ပါတယ်။ ဒီအပြောင်းအလဲကြောင့် Tesla ရဲ့ မောင်းသူမဲ့ကားတွေမှာ Nvidia ရဲ့အခန်းကဏ္ဍကို လျှော့ချနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီချစ်ပ်အတွက် Tesla က ချစ်ပ်ကုမ္ပဏီ AMD နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ CNBC က ပြောကြားခဲ့ပါတယ်။

ဒီသတင်းကြောင့် AMD ရဲ့ ရှယ်ယာတွေ မြင့်တက်ခဲ့ပြီး Nvidia ရဲ့ရှယ်ယာတွေ ကျဆင်းခဲ့ပါတယ်။

Autopilot စနစ်ဟာ Tesla ကားတွေကို ယာဉ်လမ်းကြောင်းတွေမှာ အလိုအလျောက် မောင်းနှင်နိုင်ပြီး ကိုယ်တိုင်ကားရပ်နားနိုင်စေမယ့် driver-assistance tool တစ်ခုဖြစ်ပါတယ်။ အဲ့ဒီစနစ်အတွက် ချစ်ပ်တွေကို Mobileye က Tesla ထံ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ Autopilot အလုပ်လုပ်နေစဉ် ပြင်းထန်တဲ့ယာဉ်တိုက်မှုကြောင့် Model S ပိုင်ရှင် Joshua Brown သေဆုံးခဲ့ပြီး လအနည်းငယ်အကြာ ပြီးခဲ့တဲ့ဇူလိုင်လမှာတော့ Mobileye က Tesla နဲ့ စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မတ်လမှာ Intel က Mobileye ကို ဒေါ်လာ ၁၅.၃ ဘီလျံနဲ့ ဝယ်ယူခဲ့ပါတယ်။

Mobileye ရဲ့ vision ချစ်ပ်တွေအပေါ် မှီခိုအားထားမှုကနေ ပြောင်းလဲရတာဟာ ခက်ခဲကြမ်းတမ်းတဲ့အခိုက်အတန့်တစ်ခုဖြစ်တယ်လို့ Tesla အမှုဆောင်အရာရှိချုပ် Elon Musk က ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ ဒုတိယမျိုးဆက် Autopilot စနစ်အတွက် software update အားလုံးကို ဖြန့်ချိပေးခဲ့ပြီး အစောပိုင်းမှာတော့ မောင်းသူမဲ့ကား သရုပ်ပြသမယ့်အစီအစဉ်ကိုလည်း ၂၀၁၈ ခုနှစ် အစောပိုင်းအထိ ရွှေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: BusinessInsider