ဖော်မြူလာဝမ်းကားပုံစံအတိုင်း ထုတ်လုပ်မယ့် Mercedes-AMG Project ONE Showcar

Mercedes-Benz အနေနဲ့ ဖရန့်ဖတ်မြို့မှာပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကားပြပွဲမှာ Mercedes-AMG Project ONE Showcar မော်ဒယ်ကို ပြသခဲ့ပါတယ်။ အခုကားသစ်ကို Mercedes-Benz က ရက်သတ္တပတ်အနည်းငယ်တိုင်အောင် ပြသသွားမှာပါ။

Project ONE ဟာ concept အဆင့်သာရှိသေးပြီး တန်ဖိုး ယူရို ၂.၂၇၅ သန်း (ဒေါ်လာ ၂.၇၂ သန်း) နဲ့ ညီမျှတဲ့နှုန်းထားနဲ့ ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။

Project ONE ကားက Mercedes ရဲ့ဖော်မြူလာဝမ်းပြိုင်ကားအဖွဲ့ကိုပဲ အခြေပြုထားတာ မဟုတ်ပါဘူး။ နာမည်ကျော် ကားမောင်းသမား လူးဝစ်ဟာမီတန် ၂၀၁၇ ဖော်မြူလာဝမ်းချန်ပီယံရှစ်မှာ ဗိုလ်စွဲစဉ်တုန်းက အသုံးပြုခဲ့တဲ့ 1.6-liter V6 hybrid အင်ဂျင်နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ အင်ဂျင်က မြင်းကောင်ရေ ၁,၀၀၀ ကျော်ပြီး အမြင့်ဆုံး မြန်နှုန်းနဲ့ဆိုရင် တစ်နာရီ ၂၁၇ မိုင် ကျော်တဲ့အထိ မောင်းနိုင်ပါတယ်။ လက်ရှိ ဖော်မြူလာဝမ်းကားမှာ အသုံးပြုနေတာနဲ့ဆင်တဲ့ aerodynamic နည်းပညာသုံး “shark fin”လည်း Project ONE ကားမှာ ပါဝင်လာပါတယ်။

ကားရဲ့အတွင်းပိုင်းကိုလည်း ဖော်မြူလာဝမ်းကားအတိုင်း ပြုလုပ်ထားပါတယ်။ Project ONE ကားမှာ ပြိုင်ကားပုံစံအတိုင်း ကားဘီးနဲ့ ထိုင်ခုံတွေကို ပြုလုပ်ထားသလို ဒီဂျစ်တယ် display နှစ်ခု၊ ကားအဲကွန်းနဲ့ ဗဟိုထိန်းချုပ်ရေး console အတွင်းဘက်မှာ စမတ်ဖုန်းအတွက် dock တစ်ခုလည်း ထည့်သွင်းထားပါတယ်။

စိုးထက်
Ref: TheVerge