ဒေါ်လာ ၂ ဘီလျံ အသုံးပြု၍ AI သုတေသနပန်းခြံ တည်ဆောက်ရန် တရုတ် စီစဉ်ထား

တရုတ်အစိုးရအနေနဲ့ ဘေကျင်းမြို့ အနောက်ဘက်က မန်တူဂူဒေသမှာ ယွမ် ၁၃.၈ ဘီလျံ (ဒေါ်လာ ၂.၁၂ ဘီလျံ) အသုံးပြုပြီး artificial intelligence သုတေသနပန်းခြံ တည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ Xinhua သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၂၅ ခုနှစ်အရောက် AI ကဏ္ဍမှာ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်လာမယ့် ရည်မှန်းချက်ဖြစ်လာဖို့ ရည်မှန်းနေပါတယ်။

အဲဒီ AI ပန်းခြံမှာ စီမံကိန်း အခု ၄၀၀ အထိ ဆောင်ရွက်သွားမှာ ဖြစ်ပြီး နှစ်စဉ် ယွမ်ဘီလျံ ၅၀ ရရှိဖို့ ခန့်မှန်းထားတယ်လို့ ဘေကျင်းရဲ့ မန်တူဂူဒေသအတွင်းက အာဏာပိုင်ရဲ့ အစီရင်ခံစာကို ကိုးကားပြီး Xinhua က ဖော်ပြခဲ့ပါတယ်။

အဲဒီစီမံကိန်းကို ဖော်ဆောင်နေတဲ့ Zhongguancun Development Group အနေနဲ့ အဲဒီဧရိယာအတွင်း နိုင်ငံတော်အဆင့် AI lab တည်ဆောက်ဖို့ နိုင်ငံရပ်ခြားတက္ကသိုလ်တွေနဲ့ ပူးပေါင်းဖို့ ရှာဖွေနေတယ်လို့ Xinhua က ဖော်ပြခဲ့ပါတယ်။

တရုတ်ရဲ့ AI သုတေသန အမြန်ဆုံး အကောင်အထည်ဖော်ဖို့ အစီအစဉ်ဟာ စစ်တပ်နည်းပညာကဏ္ဍအတွင်း AI အသုံးပြုမှု ပြိုင်ဆိုင်နေတဲ့ တရုတ်နဲ့ အမေရိကန်အကြားက အားပြိုင်မှုအတွင်း ထွက်ပေါ်လာပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်းလုပ်ငန်းတွေ ၂၀၂၀ ခုနှစ်အရောက်မှာ ယွမ်ဘီလျံ ၁၅၀ ကျော်နဲ့ ၂၀၂၅ ခုနှစ် အရောက် ယွမ်ဘီလျံ ၄၀၀ အထိ တိုးတက်လာဖို့ ရည်မှန်းထားတယ်လို့ နိုင်ငံတော်ကောင်စီက ပြောခဲ့ပါတယ်။

ဒေသတွင်းမှာ တရုတ်နိုင်ငံဟာ AI အတွင်းက သုတေသန၊ ရင်းနှီးမြှုပ်နှံမှု၊ အရည်အချင်းတွေကို အားပေးမယ့် အစီအစဉ်တွေကို ထုတ်ပြန်မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကကုမ္ပဏီ၊ အများပိုင်ကုမ္ပဏီနဲ့ စစ်တပ်ဆိုင်ရာ ကုမ္ပဏီတွေက ၂၀၁၇ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ တိုးတက်ရေးလမ်းပြမြေပုံအတိုင်း နိုင်ငံတွင်း AI ရည်မှန်းချက် ရောက်ရှိအောင်ဆောင်ရွက်ဖို့ တရုတ်အစိုးရက တိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံရဲ့ အလျင်အမြန်ဖွံ့ဖြိုးလာတဲ့ လုပ်ငန်းကို နိုင်ငံရပ်ခြား ကုမ္ပဏီတွေကလည်း စိတ်ဝင်စားနေကြပါတယ်။ ပြီးခဲ့တဲ့လက Alphabet ကုမ္ပဏီရဲ့ Google က ဒေသတွင်းက သုတေသန အရည်အချင်းရှိသူတွေ ပါဝင်တဲ့ ဘေကျင်းအခြေစိုက် AI သုတေသန အဖွဲ့တည်ထောင်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Google ရဲ့ search engine ဟာ တရုတ်နိုင်ငံရဲ့ firewall နောက်ကွယ်မှာ ပိတ်ပင်ခံထားရပေမယ့်လည်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ စိတ်ဝင်စားနေပါတယ်။
AI ပန်းခြံအသစ်ဟာ big-data, biometric identification, deep learning နဲ့ cloud computing စတဲ့ စီမံကိန်းတွေကို အာရုံစိုက် လုပ်ကိုင်သွားမယ်လို့ Xinhua သတင်းဌာနကဖော်ပြခဲ့ပါတယ်။

ဘေကျင်းမြို့အပြင်မှာ မောင်းသူမဲ့ကားမောင်းတဲ့ ဇုန်တစ်ခုအတွက် အသေးစိတ်စီမံချက် blueprint တွေကိုလည်း မကြာသေးခင်က အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ အဲဒီဇုန်မှာ ဒေသတွင်းက မောင်းသူမဲ့ကားတွေကို တိုးတက်အောင်ဆောင်ရွက်ပြီး စမ်းသပ်နိုင်ပါတယ်။

စိုးထက်
Ref: Reuters