ဆော်ဒီအာရေဗျမှာ Al Jazeera ကို ပိတ်လိုက်တဲ့ Snapchat

လူမှုရေးမီဒီယာ platform တစ်ခုဖြစ်တဲ့ Snapchat ဟာ ဆော်ဒီအာရေဗျနိုင်ငံတွင်းက Al Jazeera content များ အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ အာဏာပိုင်တွေဟာ နိုင်ငံအတွင်းက ဥပဒေတွေကို ချိုးဖောက်ခဲ့တဲ့ Al Jazeera ရဲ့ Discover Publisher Channel ကို ဖယ်ရှားပစ်ဖို့ Snapchat ကိုတောင်းဆိုခဲ့ပါတယ်။

ကာတာနိုင်ငံဟာ ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ အီဂျစ်၊ ယူအေအီးတို့နဲ့ ဆက်ဆံရေးတင်းမာနေခဲ့ပြီး အဲဒီလေးနိုင်ငံဟာ ဒီနှစ်အစောပိုင်းမှာ ကာတာနဲ့ သံတမန်အဆက်အသွယ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ ကာတာနိုင်ငံဟာ အကြမ်းဖက်ဝါဒကို အားပေးတဲ့ နိုင်ငံဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။

ဆော်ဒီအာရေဗျဟာ မီဒီယာအတင်းကျပ်ဆုံး ပတ်ဝန်းကျင်ရှိတဲ့ ကမ္ဘာ့နိုင်ငံတွေထဲက တစ်ခုဖြစ်တယ်လို့ လူအခွင့်အရေးအဖွဲ့နဲ့ မီဒီယာလွတ်လပ်ခွင့်အားပေးထောက်ခံတဲ့ အဖွဲ့တွေက ဆိုပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံဟာ အရှေ့အလယ်ပိုင်းမှာရှိတဲ့ လူမှုရေးမီဒီယာဈေးကွက်ကြီးတွေထဲက တစ်ခုဖြစ်ပြီး စမတ်ဖုန်းပိုင်ဆိုင်မှုနှုန်းကလည်း မြင့်မားပါတယ်။ ဒါ့အပြင် ဆော်ဒီအာရေဗျဈေးကွက်ဟာ အခြားဈေးကွက်တွေထက် ဥပဒေတင်းကျပ်တာကြောင့် Snapchat ရဲ့မိခင်ကုမ္ပဏီ Snap Inc အတွက် အခက်အခဲတွေ ရှိနေပါတယ်။

“ကျွန်တော်တို့ လည်ပတ်လုပ်ကိုင်နေတဲ့ နိုင်ငံတွေက ဒေသတွင်းဥပဒေတွေအတိုင်း ကျင့်သုံးဖို့ ကြိုးစားနေပါတယ်” လို့ Snapchat ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

စိုးထက်
Ref: BBC