ဈေးသက်သာတဲ့ Sports Smartwatch 2 နဲ့ Watch 2S စမတ်နာရီသစ်များကို Huami ပွဲထုတ်မိတ်ဆက်

Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Huami ဟာ Amazfit Sports Smartwatch 2 နဲ့ Amazfit Watch 2S လို့ခေါ်တဲ့ စမတ်နာရီသစ်နှစ်မျိုးကို ပွဲထုတ်မိတ်ဆက် လိုက်ပါတယ်။

Amazfit Watch 2S မှာ sapphire glass screen တစ်ခုနဲ့ သားရေလက်ပတ်ကြိုးတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ built-in GPS နဲ့ heart rate monitor တို့ မပါဝင်ပါဘူး။

Sports SmartWatch 2 မှာတော့ ၁.၃၄ လက်မ touchscreen display, 2.5D tempered glass (320×300) နဲ့ ရာဘာလက်ပတ်ကြိုးတွေ ပါဝင်ပါတယ်။ ဒါ့အပြင် built-in GPS, optical heart rate sensor နဲ့ 4GB storage တို့နဲ့ အသုံးပြုနိုင်ပါတယ်။ ဒီစမတ်နာရီမှာ ပါဝင်တဲ့ ဘက်ထရီကို အားတစ်ကြိမ်သွင်းပြီး GPS mode နဲ့ ၃၅ နာရီကြာ အသုံးပြုနိုင်တယ်လို့ Huami က ပြောကြားခဲ့ပါတယ်။ Sports Smartwatch 2 မှာ ရေကူးခြေရာခံစနစ်လည်း ပါဝင်ပါတယ်။

စမတ်နာရီနှစ်မျိုးစလုံးမှာ 5 ATM ရေစိုခံအဆင့်၊ ceramic bezel တွေနဲ့ 316L stainless steel ခလုတ်တွေ ပါဝင်ပါတယ်။

Sports SmartWatch ရဲ့ တန်ဖိုးက ၉၉၉ ယွမ် (၁၅၀ ဒေါ်လာဝန်းကျင်) ဖြစ်ပါတယ်။ Watch 2S အတွက်က ၁,၄၉၉ ယွမ် (၂၂၆ ဒေါ်လာဝန်းကျင်) ဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: AndroidAuthority