ခေါက်နိုင်တဲ့ Huawei စမတ်ဖုန်းကို လာမည့်နှစ်တွင် ဖြန့်ချိဖွယ်ရှိ

Mate 10, Mate 10 Pro နဲ့ Mate 10 Porsche Design တို့ကို မိတ်ဆက်ခဲ့စဉ်က CNET နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Huawei ရဲ့ လူသုံးကုန်စီးပွားရေးလုပ်ငန်းအဖွဲ့ အမှုဆောင်အရာရှိချုပ် Richard Yu က စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲ့ဒီအင်တာဗျူးမှာ Yu က Huawei အနေနဲ့ ZTE, Samsung နဲ့ LG တို့လို ခေါက်နိုင်တဲ့ စမတ်ဖုန်း ရှေ့ပြေးပုံစံတစ်ခု ဖန်တီးနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီထုတ်ကုန်ကို ၂၀၁၇ ခုနှစ်မှာ ဖြန့်ချိသွားဖို့မရှိဘဲ ၂၀၁၈ ခုနှစ်မှသာ ပွဲထုတ်မိတ်ဆက်သွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီနှစ်မှာ Samsung က ခေါက်နိုင်တဲ့ စမတ်ဖုန်း Galaxy X ကို ဖြန့်ချိသွားမယ်လို့ မျှော်လင့်ရပါတယ်။

Huawei ဟာ ပိုကောင်းတဲ့ flexible screen နည်းပညာကို စောင့်ဆိုင်းနေသလို လက်ရှိထက် ပိုကောင်းတဲ့ဒီဇိုင်းကို ဖန်တီးဖို့လည်း ဆန္ဒရှိနေပါတယ်။

“ဒီထုတ်ကုန်မှာ screen နှစ်ခု ပါဝင်ပေမယ့် ကြားမှာ ဟာကွက်နည်းနည်းရှိနေပါတယ်။ အဲ့ဒီဟာကွက်ကို ဖယ်ရှားပစ်ဖို့လိုပါတယ်” လို့ Yu က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး Yu က ကုမ္ပဏီရဲ့ အနာဂတ်အပေါ် ယုံကြည်မှုရှိပြီး တစ်ချိန်ချိန်မှာ Samsung နဲ့ Apple တို့ကို ကျော်ဖြတ်ကာ နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: GSMArena