ခေါက်ထားနိုင်တဲ့ iPhone ကို LG Display နဲ့ Apple ပူးပေါင်းဖန်တီးနေ

Apple ဟာ ခေါက်နိုင်တဲ့ iPhone ဖန်တီးဖို့ LG Display နဲ့ပူးပေါင်း လုပ်ကိုင်နေတယ်လို့ တောင်ကိုရီးယားမီဒီယာ The Investor ကဖော်ပြခဲ့ပါတယ်။ အဲဒီဟန်းဆက်ကို ၂၀၂၀ ခုနှစ်အရောက်မှာ ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မျက်နှာပြင်တွေကို သီးသန့် ထုတ်လုပ်တဲ့ LG ဌာနခွဲအပြင် ဖုန်းတွင်းအစိတ်အပိုင်းတွေကို ထုတ်လုပ်တဲ့ LG Innotek ကလည်း Apple နဲ့ ပူးပေါင်းထားပါတယ်။ ခေါက်ထားနိုင်တဲ့ iPhone အတွက် လိုအပ်တဲ့ဆားကစ်ဘုတ်တွေကို ဖန်တီးဖို့ LG Innotek က အဖွဲ့တစ်ခုနဲ့ ဆောင်ရွက်နေပါတယ်။

LG Display ဟာ ၂၀၂၀ ခုနှစ်မှာထွက်ရှိမယ့် iPhone အတွက် ခေါက်နိုင်တဲ့ OLED panel ကိုဖန်တီးသွားမှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။ LG ဟာ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်က ခေါက်ထားနိုင်တဲ့ ပထမဆုံး ရှေ့ပြေးပုံစံ display ကို တီထွင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်း display ကို အကြမ်းခံမှုနဲ့ ဖိအားဒဏ်ခံနိုင်စွမ်း မြင့်မားလာဖို့ ပြင်ဆင်နေခဲ့ပါတယ်။

iPhone X ဟာ OLED panel အသုံးပြုထားတဲ့ ပထမဆုံး Apple မိုဘိုင်းဖုန်းဖြစ်ကာ အဲဒီ OLED panel ကို Samsung Display ကထုတ်လုပ်ပေးထားပါတယ်။ Samsung ဟာ အဲဒီနည်းပညာအသုံးပြုပြီး စမတ်ဖုန်း screen တွေထုတ်လုပ်နေတဲ့ ထိပ်တန်းကုမ္ပဏီလည်း ဖြစ်ပါတယ်။ Apple အနေနဲ့ ခေါက်ထားနိုင်မယ့်စမတ်ဖုန်း ထုတ်လုပ်ဖို့အတွက် Samsung ကို မငှားရမ်းခဲ့တာက စိတ်ဝင်စားစရာပါ။ အကြောင်းရင်းကတော့ Samsung Electronics အနေနဲ့ ခေါက်ထားနိုင်တဲ့ စမတ်ဖုန်း ထုတ်လုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။

Samsung ဟာ လာမယ့်နှစ်အတွင်း ကုမ္ပဏီရဲ့ ပထမဆုံးခေါက်နိုင်တဲ့ ဟန်းဆက်ကို ထုတ်လုပ်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ခေါက်နိုင်တဲ့ စမတ်ဖုန်းကဏ္ဍမှာ Samsung ဟာ Apple ထက် နှစ်နှစ်ကျော် လက်ဦးမှု ရယူထားနိုင်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena