ခေါက်ထားနိုင်တဲ့ hybrid ထုတ်ကုန်တစ်မျိုးကို LG မူပိုင်ခွင့်ရရှိထား

LG ဟာ ဖုန်း ဒါမှမဟုတ် tablet အဖြစ် အသုံးပြုနိုင်တဲ့ hybrid ထုတ်ကုန်တစ်မျိုးရဲ့ မူပိုင်ခွင့်ကို World Intellectual Property Organization ဆီက ရရှိခဲ့ပါတယ်။ အဲဒီမူပိုင်ခွင့်မှာ ထုတ်ကုန်ကို “ထက်ဝက်ခေါက်ချိုးနိုင်ပြီး ပျော့ပျောင်းတဲ့ display ပါဝင်တဲ့ မိုဘိုင်းဖုန်း” ဆိုပြီး ဖော်ပြထားပါတယ်။

မူပိုင်ခွင့်မှာ မတူညီတဲ့ဒီဇိုင်းနှစ်မျိုးကို ဖော်ပြထားပါတယ်။ ပထမဆုံးဒီဇိုင်းမှာ ခေါက်ထားနိုင်တဲ့ ဖုန်းရဲ့အနောက်ဘက် panel မှာ ကင်မရာပါဝင်လာပြီး ခေါက်လိုက်တဲ့အခါမှာတော့ ရှေ့မျက်နှာပြင်မှာ သတင်းအချက်အလက်တွေကို ဖော်ပြပေးနိုင်ပါတယ်။ LG ရဲ့အထင်ကရ ထုတ်ကုန်တွေမှာ ပါဝင်တဲ့ always-on display လည်း ပါဝင်လာပါတယ်။

LG မူပိုင်ခွင့်ရဲ့ ဒုတိယဒီဇိုင်းက ပထမဆုံး ထုတ်ကုန်နဲ့ အတော်ဆင်ပါတယ်။ ထုတ်ကုန်ရဲ့ကျောဘက်မှာ အချိန်လိုမျိုး သတင်း အချက်အလက်တွေကို ပြသပေးတာပဲ ကွာခြားပါတယ်။ ကျောဘက် cover က ဖောက်ထွင်းမြင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

LG အနေနဲ့ မူပိုင်ခွင့်ရရှိထားပေမယ့်လည်း ခေါက်ထားနိုင်တဲ့ဖုန်း ထုတ်လုပ်သွားမယ်ဆိုတာကို အတည်ပြုထားခြင်း မရှိပါဘူး။ ဒါပေမဲ့ မကြာခင်မှာ ခေါက်နိုင်တဲ့ထုတ်ကုန်တွေ ထွက်ရှိလာနိုင်ပါတယ်။ LG ပြိုင်ဘက် Samsung ကလည်း အလားတူထုတ်ကုန်မျိုး ဖန်တီးနေတယ်လို့ ကုမ္ပဏီအမှုဆောင်တွေက ပြောကြားထားပါတယ်။ ZTE ကလည်း Axon M လို့ခေါ်တဲ့ ခေါက်ထားနိုင်တဲ့ ဖုန်းကို ဈေးကွက်မှာ ဖြန့်ချိထားပါတယ်။ LG မူပိုင်ခွင့်မှာ ပြသထားတဲ့ ထုတ်ကုန်မှာ ZTE Axon M လိုမျိုး တစ်ဖက်တစ်ချက်မှာ display တွေ ပါဝင်လာသလို ကောလာဟလတွေ ထွက်ပေါ်နေတဲ့ Samsung Galaxy X လိုမျိုး မျက်နှာပြင်ပြည့် display ထုတ်ကုန်လည်း ဖြစ်ပါတယ်။

စိုးထက်
Ref: AndroidAuthority