ဩဂုတ် ၈ ရက်တွင် Asean Online Sale day ကျင်းပမည်

ပထမဆုံးအကြိမ်အဖြစ် Asean Online Sale day ကို http://aseanonlinesaleday.com/ မှတစ်ဆင့် ဩဂုတ် ၈ ရက် တစ်ရက်တည်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဩဂုတ် ၈ ရက်မှာ ကျင်းပပြုလုပ်မယ့် Asean Online Sale day မှာ အာဆီယံနိုင်ငံ ၁၀ နိုင်ငံရှိ e-Commerce လုပ်ကိုင်နေတဲ့ လုပ်ငန်းများ ပါဝင်သွားမှာဖြစ်ပြီး မထင်မှတ်ထားတဲ့ အထူးစျေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Asean Online Sale day မှတစ်ဆင့် e-commerce ဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို မြှင့်တင်နိုင်မှာဖြစ်သလို အာဆီယံနိုင်ငံများအတွင်းရှိ လုပ်ကိုင်နေတဲ့ e-commerce လုပ်ငန်းများကို အာဆီယံဒေသအတွင်းရှိနိုင်ငံများမှ သိရှိသွားစေမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ COVID-19 အခြေအနေတွင် e-Commerce မှာ အသုံး၀င်တဲ့ ၀ယ်ယူမှုနည်းလမ်းတစ်ခုအဖြစ် အသုံးပြုနေကြောင်း၊ COVID-19 ကူးစက်ပျံ့နှံ့နေစဉ်အတွင်း အာဆီယံအစိုးရတွေ အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အွန်လိုင်းပေါ်မှ သွားလာနိုင်ဖို့ အဆင်သင့်ရှိသော အခြေအနေများ ဖန်တီးရန် ကြိုးပမ်းလျက်ရှိနေကြောင်း၊ အဆိုပါ အခြေအနေတွင် အာဆီယံနိုင်ငံအနှံ့ရှိ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကုန်ပစ္စည်းတွေကိုမြှင့်တင်ဖို့နဲ့ ဒေသတွင်းရှိ e-commerce မှတစ်ဆင့် ရောင်းအားတိုးမြှင့်ရန် အခွင့်အလမ်းကောင်းတွေကိုလည်း ဖန်တီးရယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

” မြန်မာနိုင်ငံအနေနဲ့ကတော့ e-commerce လုပ်နေတဲ့ ကုမ္ပဏီအဖွဲ့အစည်း ၁၄ ခုလောက် ပါမယ်။ ဒီပွဲမှာက food and beverage,IT , Mobile နဲ့ Electronic စတဲ့ ပစ္စည်းတွေအပါအဝင် ကဏ္ဍငါးမျိုးလောက် ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ရောင်းချတဲ့ပစ္စည်းတွေကို အထူးစျေးနှုန်းတွေနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ ကျွန်မတို့ 7Day Zay ကနေ ရောင်းချနေတဲ့ ပစ္စည်းတွေကိုလည်း ၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ အထူးလျှော့စျေးတွေနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ Asean Online Sale day မှာ ကိုယ့်နိုင်ငံမှာ ဝယ်လို့ရနေတဲ့ ပစ္စည်းတွေအပြင် အခြားနိုင်ငံကနေ လုပ်နေတဲ့ e-commerce ကနေတစ်ဆင့် ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် စုစုစည်းစည်းနဲ့ ဝယ်ယူနိုင်မှာဖြစ်တဲ့အတွက် ဝင်ရောက်လေ့လာ ဝယ်ယူနိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ Asean Online Sale day မှာပါဝင်တဲ့ 7Day Zay မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

-အောင်သူ