ဩဂုတ်လအတွင်း မိတ်ဆက်မယ့် ဒုတိယမြောက်မျိုးဆက်သစ် Xbox ဂိမ်းစက်

Microsoft ဟာ ဒုတိယမြောက်မျိုးဆက်သစ် Xbox ဂိမ်းစက်ကို မိတ်ဆက်မယ့်ကိစ္စကို ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ကုမ္ပဏီစာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီဂိမ်းစက်ကို ဩဂုတ်လအတွင်း မိတ်ဆက်မယ်လို့ ကောလာဟလထွက်ပေါ်နေပါတယ်။ မူလက Microsoft က ဇွန်လမှာ လျှို့ဝှက်အမည် “Lockhart” ဂိမ်းစက်ကို မိတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ Eurogamer ကဖော်ပြခဲ့တယ်။ အခုဆိုရင် Microsoft က အစီအစဉ်တွေကို ဩဂုတ်လအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။

Microsoft ဟာ ဈေးသက်သာတဲ့ Xbox ဂိမ်းစက်ကို ထုတ်လုပ်ဖို့ စီစဉ်နေတာ လအနည်းငယ်ကြာပါပြီ။ ပြီးခဲ့တဲ့အပတ်က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ Microsoft စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။ ဈေးသက်သာတဲ့ Lockhart ဂိမ်းစက်က Xbox Series X နဲ့ CPU တူညီမယ်လို့ စာရွက်စာတမ်းမှာ ဖော်ပြထားတယ်။ ဒါ့အပြင် RAM 7.5GB နဲ့ GPU စွမ်းဆောင်ရည် 4 teraflops ပါဝင်လာပါတယ်။ Xbox Series X မှာတော့ အသုံးပြုနိုင်တဲ့ RAM 13.5GB နဲ့ GPU စွမ်းဆောင်ရည် 12 teraflops ပါဝင်မယ်။

အခုသတင်းက အမှန်ဆိုရင် Microsoft က Xbox Series X နဲ့အတူ ဒုတိမြောက်မျိုးဆက်သစ် Xbox ကိုလည်း ထုတ်ဖော်မိတ်ဆက်နိုင်ပါတယ်။ ဒုတိယမြောက်ဂိမ်းစက် ပိုမိုဈေးသက်သာပြီး 1080p နဲ့ 1440p မော်နီတာတွေနဲ့လည်း အသုံးပြုနိုင်ဖွယ်ရှိတယ်။

စိုးထက်
Ref: TheVerge