အွန်လိုင်းအလုပ်အကိုင်ပြပွဲ ကျင်းပမည်

အွန်လိုင်းအလုပ်အကိုင်ပြပွဲ First Ever Virtual Career Fair ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက် တွေမှာ MyJobs မှ ကြီးမှူး ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကိုဗစ်ကြောင့် အလုပ်အကိုင် အခက်အခဲ ဖြစ်နေတဲ့ အလုပ်ရှာဖွေနေသူတွေကို အချိန်မကုန် အပြင်ထွက်စရာ မလိုဘဲ အလွယ်တကူ အလုပ်အကိုင်များ ရှာဖွေနိုင်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်း ပြည်ပ ကုမ္ပဏီပေါင်း ၅၀ ကျော်မှ ခေါ်ယူသွားမယ့် အလုပ်အကိုင် ၁၀၀၀ ‌ကျော်ကို အွန်လိုင်းမှ လျှောက်ထားနိုင်အောင် စီစဥ် ပေးထားပြီး အွန်လိုင်း ဟောပြောပွဲများစွာလည်း ပါ၀င်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“၂၀၂၀ခုနှစ်မှာ COVID-19 ရဲ့ အကျိုးသက်ရောက်မှုဟာ မြန်မာ့စီးပွားရေးအပေါ် အကြီးအကျယ်သက်ရောက်မှု ရှိပါတယ်။ COVID-19 စီးပွားရေးပြန်လည်နာလန်ထူရေး အတွက် တိုင်းပြည်အတွက် အင်အားအကောင်းဆုံး စီးပွားရေးလုပ်ငန်းအဖြစ် မကြာသေးမီကမှ အစိုးရဟာ စီးပွားရေးရဲ့ ဒစ်ဂျစ်တယ်စနစ်ကို ထောက်ခံကြောင်း ထပ်မံ အတည်ပြု ပြောကြားခဲ့ပါတယ်။ MyJobs Myanmar ဟာ လွန်ခဲ့တဲ့ (၈) နှစ်တာကာလ အတွင်း မြန်မာနိုင်ငံ အလုပ်အကိုင်ဈေးကွက်ရဲ့ ဒီဂျစ်တယ်တီထွင်မှုလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်တို့မှာ ပထမဆုံး VIRTUAL CAREER FAIR ကို စီစဉ်ကျင်းပတာဖြစ်ပါတယ်”လို့ အွန်လိုင်းအလုပ်အကိုင်ပြပွဲ စီစဉ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး MyJobs ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Harry Anarakis ကပြောပါတယ်။

အွန်လိုင်း ပလက်ဖောင်းပေါ်တွင် Register ပြုလုပ်ပြီး ကြိုတင် စာရင်းသွင်းကာ ကိုယ်ပိုင်အကောင့်ဖြင့် လွယ်လင့်တကူ အလုပ်ရှာဖွေလို့ ရမယ့်အပြင် အလုပ်ခေါ်ယူနေသော ကုမ္ပဏီများမှ တာ၀န်ရှိသူတွေနဲ့ တိုက်ရိုက် တွေ့ဆုံနိုင်မယ့် အခွင့်အရေး တွေလည်း ရရှိမှာ ဖြစ်ပါတယ်။ အွန်လိုင်းမှ အလုပ်ရှင်ရဲ့ ကိုယ်ရေးရာဇ၀င်အချက်အလက်တွေကိုပါ လေ့လာခွင့်ရရှိနိုင်ပြီး MyJob​s ရဲ့ ဒစ်ဂျစ်တယ် ပရိုဖိုင်းနဲ့ တစ်နေရာတည်းမှာတင် အလုပ်အကိုင်များစွာကို အခမဲ့ လျှောက်ထားနိုင်မှာ ဖြစ်ပါသည်။ အလုပ်တစ်ခုကိုမလျှောက်ခင် pre-employment assessment ကို ဖြေဆိုနိုင်အောင်လည်း စီစဥ်ပေးထားတဲ့အတွက် ကိုယ့်အရည်အချင်းကို အလုပ်ရှင်မှ ကနဦး အကဲဖြတ်သတိပြုမိစေဖို့ကိုလည်း ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။ MyJobs Candidate Team မှလည်း အွန်လိုင်းအလုပ်လျှောက်ထားမှုတွေကို ဖုန်း ၊ အွန်လိုင်း Facebook & Viber တို့ မှတစ်ဆင့် အလုပ်ရှာဖွေသူတွေကို ကူညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««