အွန်လိုင်းဖြင့်သင်ကြားမည့် နိုင်ငံခြားဘာသာစကားသင်တန်းများအတွက် လျှောက်လွှာခေါ်ယူမည်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ အွန်လိုင်းစနစ်နဲ့ သင်ကြားမယ့် သင်တန်းတွေကို ဖေဖော်ဝါရီ ၁ ရက် နဲ့ ၂ ရက်တွေမှာ အွန်လိုင်းမှ တစ်ဆင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။

သင်တန်းဝင်ခွင့်လျှောက်လွှာတွေကို ဖေဖော်ဝါရီ ၁ ရက်၊ နံနက် ၉ နာရီခွဲမှာ https://chrd.yufl.edu.mm မှ တစ်ဆင့် လျှောက်ထားရမှာဖြစ်ပါတယ်။ နိုင်ငံခြားဘာသာစကား အခြေခံ (level I) သင်တန်းများဖြစ်တဲ့ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန် နဲ့ ထိုင်းဘာသာစကားများ အပြင် နိုင်ငံခြားသားများအတွက် မြန်မာဘာသာစကားသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားသင်တန်းကို ဖေဖော်ဝါရီ ၁ ရက်မှာလည်းကောင်း၊ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန် ၊ ထိုင်း၊ မြန်မာ ဘာသာစကားသင်တန်းတွေကို ဖေဖော်ဝါရီ ၂ ရက်မှာလည်းကောင်း လျှောက်ထားရမှာ ဖြစ်ပါတယ်။

သင်တန်းဝင်ခွင့်လျှောက်လွှာနဲ့အတူ အခြေခံပညာအထက်တန်း သင်ယူပြီးမြောက်ကြောင်းလက်မှတ် သို့မဟုတ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်း သို့မဟုတ် အမှတ်စာရင်းမူရင်း သို့မဟုတ် ဘွဲ့လက်မှတ် မူရင်းနဲ့ ဓာတ်ပုံတွေကို ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။ သင်တန်းကြေးမှာ ခြောက်သောင်းကျပ် ဖြစ်ပြီး မြန်မာဘာသာစကားသင်ကြားမယ့် နိုင်ငံခြားသားတွေ အနေနဲ့ အမေရိကန်ဒေါ်လာ ၂၀၀ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကို ပေးသွင်းရမှာဖြစ်ပါတယ်။

သင်တန်းချိန်တွေအနေနဲ့ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅ နာရီခွဲမှ ၇ နာရီခွဲထိ လည်းကောင်း (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ မှ ဧပြီ ၂၃ ရက်အထိ)၊ အင်္ဂါ၊ ကြာသပတေး၊ စနေ ညနေပိုင်း ၅ နာရီမှ ၇ နာရီခွဲအထိ လည်းကောင်း (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ မှ ဧပြီ ၂၄ ရက်အထိ) ၊ စနေ၊ တနင်္ဂနွေ နေ့လယ် ၂ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ လည်းကောင်း (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၀ မှ ၂၅ ရက် အထိ) မိမိကြိုက်နှစ်သက်ရာ အတန်းကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ ဝင်ခွင့်ရရှိသူစာရင်းများကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဝက်ဘ်ဆိုက်တွင် ဖေဖော်ဝါရီ ၈ ရက်မှာ ကြေညာပေးသွားမှာဖြစ်ပြီး အသေးစိတ်ကို yufl facebook page နဲ့ ssc@yufl.edu.mm သို့လည်းကောင်း၊ ဖုန်း – ၀၁-၅၁၅၂၃၆ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««