အရှေ့တောင်အာရှ နည်းပညာကုမ္ပဏီ Grab မှာ ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံမယ့် Toyota

ဂျပန်နိုင်ငံရဲ့ Toyota Motor ဟာ အရှေ့တောင်အာရှ အငှားယာဉ်ဝန်ဆောင်မှု app ဖြစ်တဲ့ Grab မှာ ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ စင်ကာပူအခြေစိုက်ကုမ္ပဏီက ဇွန်လ ၁၃ ရက် (ဗုဒ္ဓဟူးနေ့) မှာ ပြောကြားခဲ့ပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုဟာ ကုမ္ပဏီနှစ်ခုရဲ့ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့နိုင်စေမှာဖြစ်သလို ဒေသတစ်လျှောက်မှာ နည်းဗျူဟာသစ်တွေကို စူးစမ်းရှာဖွေနိုင်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်ကားကုမ္ပဏီရဲ့ အမှုဆောင်တစ်ဦးကာ Grab ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေကို ခန့်အပ်သွားမှာဖြစ်သလို Toyota အဖွဲ့ဝင်တစ်ဦးကလည်း အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတစ်ဦး ဖြစ်လာမယ်လို့ သိရပါတယ်။

အငှားယာဉ်ဝန်ဆောင်မှုကဏ္ဍမှာ ကားကုမ္ပဏီတစ်ခုကပြုလုပ်တဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ အထက်ပါရင်းနှီးမြှုပ်နှံမှုဟာ အရှေ့တောင်အာရှကုမ္ပဏီကို ဒေသတွင်း အစားအသောက် ပေးပို့မှုနဲ့ အီလက်ထရွန်နစ် ငွေပေးချေမှုတို့လိုမျိုး online ကနေ offline ဝန်ဆောင်မှုအမျိုးမျိုးကို ချဲ့ထွင်နိုင်စေမှာဖြစ်ပါတယ်။

“ကားလုပ်ငန်းမှာ ကမ္ဘာ့ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ Toyota ရဲ့ Grab မှာ ရင်းနှီးမြှုပ်နှံမှုဟာ ဒေသအတွင်း GrabFood နဲ့ GrabPay တို့လို မိုဘိုင်းဝန်ဆောင်မှုတွေ တိုးချဲ့တာနဲ့ mobility soluiton သစ်တွေ ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဦးဆောင်နိုင်မှုအပေါ် သူတို့ရဲ့ ယုံကြည်မှုက အခြေခံပါတယ်” လို့ Grab ဥက္ကဋ္ဌ Ming Maa က ပြောကြားခဲ့ပါတယ်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုဟာ Toyota ကို သုံးစွဲသူအခြေပြု အာမခံနဲ့ ကြိုတင်ခန့်မှန်း ပြုပြင်ထိန်းသိမ်းရေးတို့လို ကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေကို စင်ကာပူအခြေစိုက် ကုမ္ပဏီနဲ့အတူ ပေါင်းစပ်ထည့်သွင်းနိုင်စေမှာဖြစ်တယ်လို့ Grab က ဆိုပါတယ်။ ဒါကြောင့် အငှားယာဉ်မောင်းနှင်သူတွေက ကားကို ပိုမိုဘေးကင်းစွာ မောင်းနှင်နိုင်စေဖို့နဲ့ နည်းပါးတဲ့ အာမခံပရီမီယံကြေးတို့အတွက် ဆွဲဆောင်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

-နောင်နောင်
Ref: CNBC