အရှေ့တောင်အာရှ တက္ကစီ app ဈေးကွက်အတွင်းဝင်ရောက်ဖို့ Grab မှာရင်းနှီးမြှုပ်နှံလိုက်တဲ့ Hyundai

တောင်ကိုရီးယားနိုင်ငံရဲ့ Hyundai Motor ကုမ္ပဏီဟာ အရှေ့တောင်အာရှ တက္ကစီဝန်ဆောင်မှုကုမ္ပဏီ Grab မှာ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ဇန်န၀ါရီ ၁၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ Grab ဟာဆိုးလ်နဲ့ ဘေကျင်းတို့အကြား သံတမန်ဆက်ဆံရေး ထိခိုက်မှုအပြီးမှာ တရုတ်အပေါ် မှီခိုမှုလျှော့ချဖို့ ဒေသတွင်းစီးပွားရေးလုပ်ငန်းကို တိုးချဲ့နေပါတယ်။

Hyundai ရဲ့ Grab အတွင်း ပထမဆုံး တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ တရုတ်နဲ့ အမေရိကန်တို့ပြီးရင် ကမ္ဘာ့တတိယအကြီးဆုံး တက္ကစီ app ဈေးကွက်ဖြစ်တဲ့ အရှေ့တောင်အာရှမှာ စီးပွားရေးခြေကုပ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

စင်ကာပူအခြေစိုက် Grab ဟာ အရှေ့တောင်အာရှဒေသရဲ့ third-party တက္ကစီဝန်ဆောင်မှုနဲ့ ပုဂ္ဂလိကကားဝန်ဆောင်မှုအတွင်း အကြီးဆုံး အော်ပရေတာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံ ရှစ်ခုမှာ လုပ်ငန်းတိုးချဲ့ထားပါတယ်။

“အခုသဘောတူညီချက်ဟာ ဒေသတွင်းမှာ Hyundai Motor အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်အောင် အကူအညီပေးနိုင်မှာ ဖြစ်သလို အနာဂတ် ကားဈေးကွက်အတွက် တုံ့ပြန်မှုတစ်ခု ဖြစ်တယ်” လို့ IBK Securities က လေ့လာဆန်းစစ်သူ လီဆန်းဟွန်က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကန့်ကွက်မှုကိုဆန့်ကျင်ပြီး အမေရိကန်ဒုံးကျည်ကာကွယ်ရေးစနစ်ကို တပ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ တောင်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်အပေါ် တရုတ်က တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားကုမ္ပဏီတွေကို ပြီးခဲ့တဲ့နှစ်က ပစ်မှတ်ထား တင်းကျပ်ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ Hyundai ဟာ အရှေ့တောင်အာရှဈေးကွက်ကို စိတ်ဝင်စားလာပါတယ်။

အရှေ့တောင်အာရှဒေသမှာ လူပေါင်းသန်း ၅၀၀ လောက် နေထိုင်နေကြပြီး ဂျပန်ကားထုတ်လုပ်သူတွေက လွှမ်းမိုးထားပါတယ်။ အဲဒီအချိန်မှာ Hyundai က တရုတ်နဲ့ အမေရိကန်ကလုပ်ငန်းတွေကို အာရုံစိုက်လုပ်ကိုင်ခဲ့ပါတယ်။

Hyundai ဟာ အမေရိကန်နဲ့ ဥရောပမှာ ကားဝေမျှတဲ့ဝန်ဆောင်မှု ပြုလုပ်ထားပါတယ်။ အခုအချိန်မှာတော့ Hyundai ဟာ GM နဲ့ Toyota တို့လို ပြိုင်ဘက်တွေရဲ့ ကားဝေမျှစီးနိုင်တဲ့ ဝန်ဆောင်မှု စီးပွားဖက်အဖြစ် ပူးပေါင်းမှုကို စောင့်ကြည့်နေပါတယ်။

အရှေ့တောင်အာရှအတွင်းမှာ ဝန်ဆောင်မှုတွေကို အတူတကွ ဖော်ဆောင်သွားမယ်လို့ Hyundai နဲ့ Grab ကပြောခဲ့ပါတယ်။ Hyundai ရဲ့သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ IONIQ Electric ကားကိုလည်း ဝန်ဆောင်မှုမှာ အသုံးပြုမယ်လို့ သိရပါတယ်။ Hyundai ရဲ့ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကို ကုမ္ပဏီနှစ်ခုစလုံးက မထုတ်ပြန်ခဲ့ပါဘူး။

စိုးထက်
Ref: BangkokPost