အရှေ့တောင်အာရှရဲ့ အွန်လိုင်းစီးပွားရေး မျှော်မှန်းထားတာထက် လျင်မြန်စွာတိုးတက်နေကြောင်း Google ပြောကြား

အရှေ့တောင်အာရှရဲ့ အွန်လိုင်းစီးပွားရေးအခြေအနေနဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ် အစီရင်ခံစာကို Google နဲ့ Temasek တို့က ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက ကနဦးလေ့လာတွေ့ရှိချက်မှာတော့ အရှေ့တောင်အာရှရဲ့ အင်တာနက်သုံးစွဲသူဦးရေက ၂၀၂၀ ခုနှစ်မှာ သန်း ၂၆၀ ကနေ သန်း ၄၈၀ အထိ မြင့်တက်လာဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှရဲ့ အင်တာနက်စီးပွားရေးက ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ဘီလျံ ၂၀၀ အထိ တန်ကြေးရှိလာမယ်လို့လည်း Google နဲ့ Temesek တို့က မျှော်မှန်းခဲ့ကြပါတယ်။

နောက်ဆုံးအစီရင်ခံစာမှာတော့ အရှေ့တောင်အာရှရဲ့ အွန်လိုင်းစီးပွားရေးက ကုမ္ပဏီနှစ်ခုရဲ့ ခန့်မှန်းချက်ထက် အလျင်အမြန် တိုးတက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာ အရှေ့တောင်အာရှရဲ့ အင်တာနက်သုံးစွဲသူဦးရေက သန်း ၃၃၀ ရှိလာမှာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲ့ဒီ သုံးစွဲသူတွေထဲက ၉၀ ရာခိုင်နှုန်းကျော်ဟာ စမတ်ဖုန်းကို အင်တာနက်အသုံးပြုတဲ့ နည်းလမ်းတစ်ခုအဖြစ် ရွေးချယ်ထားတာကြောင့် မိုဘိုင်းထုတ်ကုန်တွေက အရှေ့တောင်အာရှရဲ့ အနာဂတ်စီးပွားရေး တိုးတက်မှုမှာ ဆက်လက်ပါဝင်နေမယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှသားတွေရဲ့ မိုဘိုင်းထုတ်ကုန်ပေါ်ကနေ အင်တာနက်အသုံးပြုမှုနှုန်းဟာ ကမ္ဘာပေါ်မှာရှိတဲ့ အခြားဒေသက လူတွေထက် ပိုမိုများပြားတယ်လို့ အရှေ့တောင်အာရှနဲ့ အိန္ဒိယရဲ့ Google ဒုဥက္ကဋ္ဌနဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Rajan Anandan က ပြောကြားခဲ့ပါတယ်။ အရှေ့တောင်အာရှသားတွေဟာ အင်တာနက်သုံးစွဲမှုနှုန်းဟာ တစ်နေ့မှာ ပျှမ်းမျှ ၃.၆ နာရီ ရှိပါတယ်။ နှိုင်းယှဉ်မှုတွေ လုပ်ရရင် တရုတ်နိုင်ငံသားတွေက ၃ နာရီ၊ အမေရိကန်နိုင်ငံသားတွေက ၂ နာရီနဲ့ ဂျပန်နိုင်ငံသားတွေက ၁ နာရီ အသီးသီး အသုံးပြုကြပါတယ်။

ထိုင်းနိုင်ငံသားတွေက အင်တာနက်ကို အလွန်အကျွံသုံးကြပြီး မိုဘိုင်းထုတ်ကုန်ပေါ်ကနေ အင်တာနက်သုံးစွဲမှုနှုန်းက တစ်နေ့ကို ၄.၂ နာရီ ရှိတယ်လို့ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံသားတွေကတော့ တစ်နေ့ကို ပျှမ်းမျှ ၃.၉ နာရီကြာ သုံးကြတယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှရဲ့ အွန်လိုင်းစီးပွားရေးက ဒီလကုန်ပိုင်းမှာ တန်ကြေး ဒေါ်လာ ၅၀ ဘီလျံရှိလာပြီး ပြီးခဲ့တဲ့နှစ် အစီရင်ခံစာရဲ့ ၂၀၂၅ ခုနှစ်မှာ တန်ကြေး အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ရှိလာမယ်ဆိုတဲ့ ခန့်မှန်းချက်ကို ကျော်လွန်ဖို့ တာစူနေပါတယ်။

ဒါ့အပြင် အင်တာနက်အခြေခံ စီးပွားရေးလုပ်ငန်းဟာ ၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ GDP ရဲ့ ၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၅ ခုနှစ်မှာ ၆ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

-နောင်နောင်
Ref: TechInAsia