အရောင်းဆိုင် အချို့မှ Telenor ဆင်းမ်ကတ်ကို တစ်သောင်းတန် ငွေဖြည့်ကတ်နှင့် တွဲဖက်ရောင်းချ

IMG_4315.jpg

Telenor ၏မိုဘိုင်း ဆင်းမ်ကတ်များကို သုံးထောင်ကျပ်တန်ငွေ ဖြည့်ကတ်နှင့် တွဲဖက်ရောင်းချ ရမည်ဟု ကုမ္ပဏီမှ သတ်မှတ်ပေးထား သော်လည်း ဆင်းမ်ကတ် ရောင်းချသည့် အရောင်းဆိုင် အချို့သည် ဆင်းမ်ကတ်ကို တစ်သောင်းတန် ငွေဖြည့်ကတ်နှင့် တွဲဖက်ရောင်းချ နေသည်ဟု သိရသည်။

လက်ရှိအချိန်၌ အချို့သော ဟန်းဆက် အရောင်းဆိုင်များသည် ဆင်းမ်ကတ် ထွက်ရှိမှု နည်းပါးလာသည့် အတွက် ဆင်းမ်ကတ်များကို ဟန်းဆက်ဝယ်ယူမှသာ အပိုဝန်ဆောင်မှုအဖြစ် ထည့်သွင်းပေးတော့ သည်ဟုလည်း ဈေးကွက်အ တွင်းမှ သိရသည်။ ထို့အပြင် ဆင်းမ်ကတ်ဖြန့်ချိသည့် အပိုင်းတွင် Telenor သည် ကိုယ်စားလှယ်များနှင့် နီးစပ်သူများသာ ဆင်းမ်ကတ်အရေအတွက် ပိုမိုရရှိနေကြသည်ဟု ဟန်းဆက် အရောင်းဆိုင်တချို့က ပြောသည်။

“ကျွန်တော်တို့ တစ်ဆိုင်ကို ဆင်းမ်ကတ် ၂၀၀ ပဲရတယ်။ ကျွန်တော်တို့လို ဆိုင်ကြီးတွေ မဟုတ်တဲ့ လမ်းဘေးဆိုင် သေးသေးလေးတွေတောင် ဆင်းမ်ကတ် ၁ ထောင်လောက် ရတာတွေရှိတယ်။ တကယ်တော့ MPT လိုပါပဲ။ ဘာမှမထူးဘူး။ နီးစပ်ရာကိုပဲ ကတ်တွေပေးနေတာပါ။ အခုဆိုရင် ဆင်းမ်ကတ် မရတော့တာ တစ်ပတ်ရှိပြီ။ အခုတော့ ကတ် ၅၀ ရမယ်လို့ ပြောသံကြားတယ်။ ပိုက်ဆံလည်း ကြိုပေးရသေးတယ်။ ကတ်ကလည်း နီးစပ်ရာကိုပဲ သွားတယ်”ဟု Today Mobile မှ ကိုနေလင်းထွန်းက ဆိုသည်။

ထို့အပြင် Telenor သည် အရောင်းဆိုင်များကို ဆင်းမ်ကတ် ၀ယ်ယူမည်ဆိုပါက ငွေဖြည့်ကတ်များပါ တွဲဖက်ဝယ်ယူရန် စည်းကမ်းချက်ဖြင့်သတ်မှတ် ထားသည်ဟုလည်း သိရသည်။ “ကျွန်တော်တို့မှာ ရွေးချယ်မှုမရှိဘူး။ ဆင်းမ်ကတ် ၁၀၀ လိုချင်ရင် ငွေဖြည့်ကတ် အပါအ၀င် ၇ သိန်းကျပ် ကျတယ်။ အဲဒီထဲမှာ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်ဖို့ကလည်း ၅ သောင်းဖိုးကလည်းပါသေးတယ်။ ဒါကသိပ်ပြီးတော့ အဆင်မပြေသေးဘူး။ ကိုယ်က အီလက်ထရွန် နစ်စနစ်နဲ့ ငွေဖြည့်ပေးလိုက်ပါတယ်။ သူ့ဘက်က မရဘူးဆိုရင် ဘယ်လိုလုပ်မလဲ” ဟု Telenor ဆင်းမ်ကတ်ကို တင်ဆောင်ရောင်းချခြင်း မရှိသည့် City Mobile မှဦးနိုင်က ပြောသည်။

Telenor အနေဖြင့် ဆင်းမ် ကတ်များကို သုံးထောင်ကျပ်တန် ငွေဖြည့်ကတ်နှင့် တွဲဖက်ရောင်းချ ရခြင်းမှာ မှောင်ခိုဈေးကွက် ပပျောက်သွားရန် ဖြစ်သည်ဟု သတင်းများ ထုတ်ပြန်ထားသည်။

“မော်တော်ဆိုင်ကယ် ၀ယ်ပြီးရင် ဆီတော့ဖြည့်ရမှာပဲ။ မော်တော်ဆိုင်ကယ်ကြီးကို ထမ်းပြီးတော့ ပြန်သွားတာတော့ မလုပ်ကြပါဘူး။ ဒီလိုပါပဲ ဆင်းမ်ကတ်အတွက် ငွေဖြည့်ကတ်တော့ ၀ယ်ရပါမယ်” ဟု Telenor မှ CEO ဖြစ်သူ Mr . Petter Furberg ကပြောသည်။ ပြည်တွင်းရှိ ဆက်သွယ်ရေး အော်ပရေတာ သုံးခုအနက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) နှင့် Telenor Myanmar တို့သည် အသုံးပြုသူဈေးကွက်ကို ထိန်းချုပ်ထားပြီး ၎င်းတို့၏ ပြိုင်ဘက်ဆက် သွယ်ရေး အော်ပရေတာ ဖြစ်သည့် Ooredoo သည် အသုံးပြုသူ ဈေးကွက်ကို ထိန်းချုပ်ထားခြင်း မရှိကြောင်း သိရသည်။

“Ooredoo က ဆင်းမ်ကတ် ၀ယ်ရင် ငွေဖြည့်ကတ်ကို ၀ယ်ရမယ်လို့ မရှိဘူး။  ပြီးတော့ ဈေးကွက်ထဲက အရောင်းဆိုင်တွေ အပေါ်မှာလည်း ဆက်ဆံတာ ပိုကောင်းနေတယ်”ဟု ကိုနေလင်းထွန်းက ဆိုသည်။

Telenor နည်းတူ MPT သည် လည်း ဆင်းမ်ကတ်ဝယ်ယူသည့် အရောင်းဆိုင်များကို ငွေဖြည့်ကတ်များနှင့် တွဲဖက်ရောင်းချ ပေးကြောင်း၊ MPT သည် ဆင်းမ်ကတ် ၁၀ ကတ်ကို ငွေဖြည့်ကတ် ကျပ် ၁၅ သိန်းဖိုးနှင့်အတူ တွဲဖက်ရောင်းချ ပေးခြင်းဖြစ်ကြောင်း သိရသည်။ Mr. Petter Furberg အဆိုအရ ၎င်းတို့သည် ကွန်ရက်အခြေအနေဖြင့် ဈေးကွက်ဝယ်လိုအားကို ကြည့်၍ဆင်းမ်ကတ်များကို ဈေးကွက်အတွင်း ထပ်မံထည့်သွင်း ပေးသွားမည်ဟု သိရသည်။

လက်ရှိအချိန်၌ Telenor ၏ ကွန်ရက်သည် ရန်ကုန်၌တာဝါ တိုင်ပေါင်း ၃၅၀ ၀န်းကျင်ရှိပြီး အရောင်းကိုယ်စားလှယ် ၂၁ ဦးနှင့်အတူ လက်လီအရောင်းဆိုင်ပေါင်း ၈၀၀၀ ၌ ဆင်းမ်ကတ်များကို ရောင်းချပေးနေသည်ဟု သိရသည်။

-မြင့်ကျော်လှိုင်