အမေရိကန်ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ရုရှားအေးဂျင့်တွေက Messenger ကိုအသုံးပြုခဲ့ကြောင်း Facebook ဝန်ခံ

ရုရှားအေးဂျင့်တွေဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို ကြားဝင်နှောင့်ယှက်ဖို့ နာမည်ကျော် Messenger platform ကိုအသုံးပြုခဲ့တယ်လို့ Facebook အမှုဆောင်အရာရှိတစ်ဦးက ဝန်ခံပြောကြားခဲ့ပါတယ်။

ရုရှားတွေဟာ သုံးစွဲသူတွေကိုဆက်သွယ်ဖို့အတွက် Messenger ကိုအသုံးပြုခဲ့ပါတယ်။ ရုရှားရဲ့စီမံကိန်းအတွင်းမှာ active ဖြစ်နေတဲ့ account ၄၇၀ ပဲရှိတယ်လို့ Facebook Messenger အကြီးအကဲ ဒေးဗစ်မားကပ်စ်က ပြောခဲ့ပါတယ်။

ရုရှားနဲ့ချိတ်ဆက်ထားတဲ့ account တွေဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်နိုင်ငံရေးကို ဟောပြောရေးသားချက်တွေနဲ့ ဘယ်လိုလွှမ်းမိုးဖို့ ကြိုးပမ်းခဲ့တယ်ဆိုတာနဲ့စပ်လျဉ်းပြီး ကုမ္ပဏီက ဖက်ဒရယ်အာဏာပိုင်တွေနဲ့ စုံစမ်းစစ်ဆေးနတယ်လို့ မားကပ်စ်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ account တွေဟာ Messenger ကို သိပ်မသုံးခဲ့ဘူးလို့ ဆိုပါတယ်။

“ကျွန်တော်နားလည်ထားသလောက် ရုရှားရဲ့စီမံကိန်းမှာပါဝင်တဲ့ Messenger သုံးစွဲသူတွေက အလွန်နည်းပါတယ်” လို့ မားကပ်စ်က ပြောခဲ့ပါတယ်။

ရုရှားအတွက်လုပ်ကိုင်ပေးသူတွေနဲ့ ဆက်စပ်တဲ့ page အချို့မှာ Messenger ကိုအသုံးပြုကြတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ Facebook ဖန်တီးခဲ့တဲ့အရာတွေကို ရုရှား ဝါဒဖြန့်ချိသူတွေက မသမာတဲ့နည်းလမ်းနဲ့ အသုံးချနေကြတယ်လို့ မားကပ်စ်အပါအဝင် Facebook အမှုဆောင်တွေက ပြောခဲ့ပါတယ်။

“လစဉ် လူဦးရေ ၂ ဘီလျံအသုံးပြုဖို့ ရည်ရွယ်ထားတဲ့ platform မှာ အဆိုးတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလိုကိစ္စတွေကို ကျွန်တော်တို့ လက်သင့်ခံမှာ မဟုတ်ပါဘူး” လို့ မားကပ်စ်က ပြောခဲ့ပါတယ်။

စိုးထက်
Ref: Recode