အမေရိကန်အစိုးရတက္ကသိုလ်တွင် Economics မေဂျာကို သွားရောက်သင်ယူမည့် ကျောင်းသူ မမြတ်သောသီဟ၏ Student Life

အမေရိကန်အစိုးရ တက္ကသိုလ်တွင် Economics မေဂျာကို သွားရောက်သင်ယူမည့် ကျောင်းသူ မမြတ်သောသီဟ၏ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အမည်နဲ့ အမေရိကန်မှာ သွားတက်ရောက်မယ့် တက္ကသိုလ်၊ အဓိကယူထားတဲ့ မေဂျာကိုလည်း ပြောပြပေးပါဦး။

ညီမနာမည်က မြတ်သောသီဟပါ။ ညီမက အမေရိကန်နိုင်ငံရှိ California State University, Fresno မှာ တတိယနှစ်ကို သွားတက် ရောက်မှာပါ။ အဓိကယူထားတဲ့ မေဂျာကတော့ Economics ပါ။

Economics မေဂျာကို ဘာလို့အဓိက မေဂျာအနေနဲ့ ရွေးချယ်ဖြစ်ခဲ့တာလဲ။

ညီမက Business လည်း စိတ်ဝင်စားတယ်။ Economics ကျတော့ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို သေချာသင်ရမှာဆိုတော့ ညီမမြန်မာနိုင်ငံကို ပြန်လာတဲ့အခါကျရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်မယ်ထင်လို့ ဒီ Economics မေဂျာကို အဓိက ယူထားတာပါ။

အမေရိကန်နိုင်ငံမှာ ကျောင်းသွားတက်မှာဆိုတော့ ပြင်ဆင်ထားမှု အပိုင်းတွေ ဘာတွေလုပ်ပြီးပြီလဲ။

ဒီမှာက ၁၈ နှစ်လုံး မိဘအရိပ်အောက်မှာ နေလာတာဆိုတော့ အခက်အခဲမရှိပေမယ့် အမေရိကန်လို နိုင်ငံမျိုးမှာ တစ်ယောက်တည်း ကျောင်းသွားတက်ရမယ့်အချိန်မှာ ကိုယ့်အားကိုယ်ကိုးရတော့မယ်။ ဟင်းချက်တာတွေ၊ မုန့်လုပ်တာတွေလည်း ကိုယ်တိုင် လုပ်တတ်အောင် သင်ထားတယ်။ Time Management လုပ်နိုင်အောင်လည်း လေ့ကျင့်ထားပါတယ်။

အမေရိကန်နိုင်ငံမှာ တိုက်ရိုက်သွားမတက်ဘဲ Connect University မှာ ၂ နှစ် တက်ခဲ့ပုံကိုလည်း ပြောပြပေးပါအုံး။

California State Universiy, Fresno က Connect University နဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေထဲက တစ်ခုပေါ့နော်။ ဒီမှာ ၂ နှစ်တက်၊ အမေရိကန်နိုင်ငံမှာ ၂ နှစ်တက်ရတယ်။ အမေရိကန်မှာပဲ ၄ နှစ်စလုံးသွားတက်ရင် နေစရိတ်၊ စားစရိတ်က ပိုများတယ်။ မိဘနဲ့လည်း ခွဲနေရတယ်။ မြန်မာနိုင်ငံမှာ ၂ နှစ်တက်လိုက်တော့ အမေရိကန်ကိုသွားတဲ့ အချိန်မှာပိုပြီး အသက်ကြီးသွားတယ်။ ပိုလည်း ရင့်ကျက်သွားတယ်။ စရိတ်ကျတော့လည်း တစ်ဝက်လောက် သက်သာတယ်ဆိုတော့ အကုန်လုံး အဆင်ပြေသွားတယ်။

ပညာသင်ကြားရေးစနစ်က မတူညီတော့ စာလေ့လာတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိလာမယ်လို့ထင်လဲ။

အခက်အခဲကတော့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာက အလွတ်ကျက်ပြီး ဖြေတဲ့စနစ်နဲ့ အသားကျခဲ့တဲ့အတွက် လက်တွေ့ ဘဝမှာ ဘယ်လိုပြန်အသုံးချရမယ် ဆိုတာကို မသိခဲ့ဘူး။ စာမေးပွဲနီးရင် စာကျက်တယ်။ ပြီးရင် မေ့လိုက်တာပဲဆိုတော့ ခြောက်တန်း၊ ရှစ်တန်းတို့ သင်ခဲ့တဲ့စာတွေပြန်မေးရင် ဘယ်သူမှ မမှတ်မိတော့ဘူး။ ဆယ်တန်းတောင်မှ တော်ရုံတန်ရုံ မှတ်မိကြတာမဟုတ်ဘူး။ Connect မှာက General Education ၂၂ ဘာသာကို သင်ရတယ်။ နယ်ပယ်အသီးသီးက ပညာရပ်တွေကို လေ့လာခဲ့ရတဲ့အတွက် အမေရိကန်မှာလည်း မျက်နှာမငယ်ရဘူး။ သူများနဲ့တန်းတူ ပါဝင်ဆွေးနွေးနိုင်မယ်လို့ ထင်တယ်။ Connect မှာ အမေရိကန် ပညာရေးစနစ်ကို ထိတွေ့ခဲ့ပြီးပြီဆိုတော့ အခက်အခဲကတော့ သိပ်မရှိနိုင်ဘူးလို့ မျှော်လင့် ပါတယ်။

ပြည်ပတက္ကသိုလ်တွေမှာ သွားရောက်ပညာသင်ချင်တဲ့ လူငယ်အတွက်လည်း အကြုံပြုပြောပေးပါဦး။

ဟုတ်ကဲ့။ ပြည်ပမှာတက္ကသိုလ်တွေမှာ သွားရောက်ပညာသင်ချင်ရင် အကျိုးရှိရှိ ပိုက်ဆံအရရော၊ အချိန်အရရော၊ နောက်ပြီးတော့ အတွေ့အကြုံအရရော အကျိုးရှိမယ်ကျောင်းတွေကို ပြည်တွင်းမှာ အရင်ဆုံးစုံစမ်းပြီး လေ့လာသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံမှန်အားဖြင့်ဆိုရင် ပြည်ပသွားတက်မယ်ဆို မိဘနဲ့ခွဲနေရတာရော၊ မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရောက်သွားတာတဲ့အတွက် အစစအရာရာ ပြင်ဆင်ထားပြီး အသင့်ဖြစ်မှ သွားတက်စေချင်ပါတယ်။ ပြီးတော့ ကိုယ်သွားရောက်တက်မယ့် တက္ကသိုလ်ရဲ့ သင်ကြားမှုစနစ်တွေကိုလည်း လေ့လာထားသင့်သလို အဓိကကတော့ ဘာသာစကားနဲ့ သွားတက်မယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကိုလည်း လေ့လာထားသင့်တယ်လို့ ထင်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကိုအရောက် သွားပါလို့လည်း အကြံပြုပြောချင်ပါတယ်။

-ဝေဝေ