အူရီဒူးမြန်မာမှ ဒစ်ဂျစ်တယ်အလုပ်သင်အစီအစဉ် စတင်

အူရီဒူးမြန်မာမှ မြန်မာနိုင်ငံနည်းပညာတက္ကသိုလ်များမှ နောက်ဆုံးနှစ်နဲ့ ဘွဲ့ရခါစ ကျောင်းသား ကျောင်းသူတွေကို ဒစ်ဂျစ်တယ်နှင့်ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်တွေမှာ လေ့ကျင့်သင်ကြားရန် အခွင့်အရေးပေးအပ်တဲ့အနေနဲ့ ဒစ်ဂျစ်တယ်အလုပ်သင်အစီအစဉ်ကို စတင်လိုက်ပါတယ်။

အလုပ်သင်ကာလမှာ ၃ လ ကြာမြင့်မှာဖြစ်ပြီး လစာပေးအပ်မယ့် အလုပ်သင်အစီအစဉ်ဟာ မြန်မာနိုင်ငံမှ ထူးချွန်လူငယ်တွေကို ဒစ်ဂျစ်တယ်နဲ့ ဆက်သွယ်ရေးကဏ္ဍတွေမှာ လိုအပ်တဲ့ ကျွမ်းကျင်မှု၊ ဗဟုသုတနဲ့ လုပ်ငန်းအတွေ့အကြုံများ ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပါဝင်တဲ့ လူငယ်တွေ အနေနဲ့ ဒစ်ဂျစ်တယ်နှင့်ဆက်သွယ်ရေးနယ်ပယ်တွင် လုပ်ကိုင်လျက်ရှိတဲ့ ပြည်တွင်းနှင့်ပြည်ပမှ လုပ်ငန်းကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲလုပ်ဆောင်ခြင်းဖြင့် လက်တွေ့ ဗဟုသုတတွေနဲ့ လုပ်ငန်းအတွေ့အကြုံတွေ ရရှိနိုင်မှာဖြစ်ပါတယ်။

“အူရီဒူးမြန်မာရဲ့ ဒစ်ဂျစ်တယ်အလုပ်သင်အစီအစဉ်ဟာ ဆိုရင် မျိုးဆက်သစ်လူငယ်တွေကို ဒစ်ဂျစ်တယ်နဲ့ဆက်သွယ်ရေးကဏ္ဍတွေမှာ အတွေ့အကြုံဗဟုသုတွေ ရရှိစေခြင်းဖြင့် ပိုမို တိုးတက်အောင် ပံ့ပိုးမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ အားလုံးအတူတကွ မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်စနစ်ဖွံ့ဖြိုးတဲ့နိုင်ငံ အဖြစ် ပုံဖော်တည်ဆောက်ကြပါစို့ ”လို့ အူရီဒူးမြန်မာရဲ့ Chief Human Resources Officer ဖြစ်သူ Mr. Jeremiah Ratadhi ကပြောပါတယ်။

အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံရှိ တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ထားပြီး အလုပ်သင်အစီအစဉ် ပထမအသုတ် အနေနဲ့ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် (ရန်ကုန်)၊ နည်းပညာတက္ကသိုလ် (အင်းစိန်)၊ နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ် (လှိုင်သာယာ) နဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ရွှေ ပြည်သာ) တို့မှ နောက်ဆုံးနှစ်နှင့် ဘွဲ့ရခါစကျောင်းသား ကျောင်းသူများမှ လျှောက်ထားနိုင်ဖို့ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

“ဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်ဖို့က ကျွန်တော့အိပ်မက် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီအစီအစဉ်မှာ ပါဝင်လျှောက်ထားခဲ့ပြီး အူရီဒူးမြန်မာမှာ product specialist အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ကျွန်တော့်အနေနဲ့ product specialist တစ်ယောက်ရဲ့ တာဝန်နှင့် ဝတ္တရားတွေကို ပိုမိုလေ့လာသွားမှာ ဖြစ်ပါတယ်။ အူရီဒူးမြန်မာဟာ မြန်မာနိုင်ငံရှိ နိုင်ငံတကာကုမ္ပဏီကြီးတစ်ခု ဖြစ်တာကြောင့် မတူညီတဲ့နောက်ခံမှ လာတဲ့ မတူညီတဲ့လူတွေနဲ့ အလုပ်လုပ်ရမှာ အထူးစိတ်လှုပ်ရှားမိပါတယ်” လို့ မှော်ဘီနည်းပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား ဖြစ်သူ မောင်ဇေယျာလင်းထက်က ပြောပါတယ်။

အလုပ်သင် ၃ လအစီအစဉ် ပြီးပါက ထပ်မံ ရွေးချယ်ခံရတဲ့ ထူးချွန်အလုပ်သင်များကို အူရီဒူးမြန်မာမှာ ၂နှစ်တာ အလုပ်ခန့်အပ်ရင်း ပညာရှင်များအဖြစ် လေ့ကျင့်ပျိုးထောင်ပေးသွားမည့် အစီအစဉ်တွင် ဆက်လက်ပါဝင်ခွင့်ရရှိမှာ ဖြစ်တယ်လို့သိရပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««