အူရီဒူးမြန်မာမှ ဒစ်ဂျစ်တယ် ဒီဇိုင်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲ “APPathon” အား အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်

ဒီဂျစ်တယ်ဒီဇိုင်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲ APPathon ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမယ်လို့ အူရီဒူးမြန်မာမှ သိရပါတယ်။

မည်သည့်အဆင့်မှမဆို ဆန်းသစ်တီထွင်ဖန်တီးနိုင်သည့် App ဒီဇိုင်းပညာရှင်များအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီး မြန်မာလူငယ်လူရွယ်တွေရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်မှု လုပ်ဆောင်နိုင်စွမ်းတို့ကို အားပေးပြီး မျိုးဆက်သစ်ဒီဂျစ်တယ်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို အတူတကွ ပေါင်းစပ်ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲကို အဆင့်နှစ်ဆင့်နဲ့ ကျင်းပမှာဖြစ်ပြီး ညှိနှိုင်းဆောင်ရွက်ခြင်းအဆင့်ကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၁ ရက်အထိ လည်းကောင်း၊ တီထွင်ဆန်းသစ်မှုအဆင့်ကို အောက်တိုဘာ ၂ ရက်မှ ၁၄ ရက် အထိ လည်းကောင်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အနိုင်ရရှိသူတွေကို အောက်တိုဘာ ၁၄ ရက်မှာ ကြေညာပေးမှာဖြစ်ပြီး အနိုင်ရရှိတဲ့အသင်း၊ ဒုတိယနဲ့ တတိယဆုရအသင်းတွေ အနေနဲ့ 3000 USD, 2000 USD နဲ့ 1000 USD အသီးသီး ပေးအပ်သွားမှာဖြစ်ပြီး စတုတ္ထနဲ့ ပဉ္စမအသင်းတွေကို အသိအမှတ်ပြုဆုလက်မှတ်တွေ ပေးအပ်သွားမှာဖြစ်ပါတယ်။

APPathon ပြိုင်ပွဲမှာ ထုတ်ကုန်ဒီဇိုင်း ဆန်းသစ်မှုကိုအားပေးပြီး ပါဝင်ယှဉ်ပြိုင်သူတွေအနေနဲ့ My Ooredoo အက်ပလီကေးရှင်းကို အသုံးပြုသူများ လွယ်ကူစွာအသုံးပြုလာနိုင်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ သုံးစွဲသူအတွေ့အကြုံတွေ ရရှိလာစေဖို့ ဆန်းသစ်မှုရှိတဲ့ ဒီဇိုင်းပိုင်းဆိုင်ရာဖန်တီးမှုတွေနဲ့ ဒီဇိုင်းသစ်ဖန်တီးပုံဖော်ရမှာ ဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက်မှာ ပါဝင်ယှဉ်ပြိုင်သူတွေ အနေနဲ့ အူရီဒူးနဲ့ သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်ပညာရှင်တွေထံမှ ပြန်လည် အကြံပြုချက်တွေနဲ့ လမ်းညွှန်မှုတွေကိုလည်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Visual ဒီဇိုင်းပိုင်း စိတ်အားထက်သန်တဲ့ အသက် ၁၈ နှစ်နဲ့ အထက် မည်သူမဆိုနဲ့ (အငယ်တန်း၊ အပျော်တမ်း၊ ပညာရှင်အဆင့် စသည်ဖြင့်) မည်သည့် အဆင့်မှမဆို အဖွဲ့ဝင်တစ်ဦးမှ သုံးဦးအထိ ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်မယ့်သူတွေဟာ prototyping tools တွေ၊ အွန်လိုင်းဆက်သွယ်ရေးပလက်ဖောင်းတွေကို ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုတတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ လျှောက်လွှာဖောင်ကို https://bit.ly/OoredooDesignChallenge မှာ ဖြည့်စွက် စာရင်းသွင်းရမှာဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်မတိုင်မီ လျှောက်ထားနိုင်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို

APPathon Facebook စာမျက်နှာ https://www.facebook.com/APPathon-134234918121792

မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။