အီးစီးကရက်သုံးစွဲမှု ထိန်းချုပ်တားဆီးပေးရန် အဆိုကို ပြည် သူ့လွှတ်တော်အတည်ပြု

ဇူလိုင် ၂၈ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ အီးစီးကရက်ဖြစ်တဲ့ Vape, Shisha နဲ့ အခြားပစ္စည်းတွေကို ထိန်းချူပ်တားဆီးပေးဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို ရေကြည်မဲဆန္ဒနယ်က ဒေါက်တာစံရွှေဝင်းက မတ် ၆ ရက်က အဲဒီပစ္စည်းတွေမှာ ဓာတုဗေဒပစ္စည်းမျိုးစုံ ပေါင်းစပ် ပါဝင်နေတာကြောင့် အန္တရာယ်ရှိပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ပစ္စည်းတစ်ခု ဖြစ်သလို ဈေးကွက်အတွင်းမှာ ဆေးလိပ်အစားထိုးစက် ဆေးလိပ်ဖြတ်စက်လို့ ကြော်ငြာ ရောင်းချနေပေမယ့် အမှန်တကယ်တမ်းလည်း အထောက်အကူပြုနိုင်တာ မရှိတဲ့အတွက် ထိန်းချုပ်တားဆီးပေးဖို့ အဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။
တင်သွင်းခဲ့တဲ့အဆိုကို ဇူလိုင် ၂၈ ရက်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်(၇) ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး အဆိုကို ကန့်ကွက်သူမရှိခဲ့တာကြောင့် အတည်ပြုခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်သတင်းအရ သိရပါတယ်။

Vape သုံးစွဲမှုဟာ ဆေးလိပ်အစားထိုး ဆေးလိပ်စွဲမှုမှ ပြတ်စေခြင်း၊ ရောဂါဘယ ဖြစ်ပွားမှုမှာလည်း မရှိသလောက် ဆိုးကျိူးနည်းပါးခြင်း၊ သုံးစွဲက လူကြားထဲ ခေတ်မီစတိုင်ကျတယ်လို့ တလွဲအယူအဆမှားနေမှုကြောင့် ပြည်တွင်းလူငယ်များအကြားမှာ ရေပန်းစားလျက်ရှိကြောင်း သိရပါတယ်။

-ကျော်ဇေယျ