အိန္ဒိယဈေးကွက် ထိပ်ဆုံးနေရာက Samsung ကိုလိုက်မီရန် နှစ်ရာခိုင်နှုန်းသာလိုတော့တဲ့ Xiaomi

Samsung ဟာ ကမ္ဘာ့နာမည်အကျော်ကြားဆုံး ဖုန်းတွေကို ထုတ်လုပ်နေပေမယ့်လည်း အိန္ဒိယမှာတော့ Xiaomi ရဲ့ကျော်တက်မှုကို ခံရဖွယ်ရှိနေပါတယ်။
တရုတ်ဖုန်းကုမ္ပဏီဟာ အိန္ဒိယဈေးကွက်ရဲ့ ရောင်းအားအကောင်းဆုံးဖုန်းအမှတ်တံဆိပ်ဘွဲ့ကိုရရှိရန် ၂ ရာခိုင်နှုန်း သာ လိုအပ်တော့တယ်လို့ Counterpoint Research က ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ အိန္ဒိယမှာရှိတဲ့ အခြား brand တွေထက် လျင်မြန်စွာတိုးတက်နေတဲ့ Xiaomi အတွက် တိုးတက်မှုတစ်ရပ် ဖြစ်ပါတယ်။ တရုတ်ဖုန်းကုမ္ပဏီဟာ အိန္ဒိယရဲ့ ထိပ်တန်းငါးခုစာရင်းမှာ ပထမဆုံးအကြိမ် ဝင်ရောက်နိုင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ဒီလိုအချိန်က ၆ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း အခုသုံးလပတ်မှာတော့ ၂၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ ပွဲတော်တွေကြောင့် ဝယ်လိုအား မြင့်တက်ခဲ့ပြီး ဖုန်းတင်ပို့ရောင်းချမှု စံချိန်တင်ခဲ့တယ်လို့ Counterpoint က ပြောကြားခဲ့ပါတယ်။ အဲ့ဒီကာလမှာ ဖုန်းဈေးကွက်ရဲ့ ၄၅ ရာခိုင်နှုန်းကို Xiaomi နဲ့ Samsung တို့က ၂၂ ရာခိုင်နှုန်းနဲ့ ၂၃ ရာခိုင်နှုန်းအသီးသီး ပိုင်ဆိုင်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံသား ဖုန်းဝယ်သူတွေဟာ အွန်လိုင်းကနေဝယ်ယူဖို့ ဆန္ဒရှိကြပြီး စုစုပေါင်းဖုန်းရောင်းချမှုရဲ့ ၃၄ ရာခိုင်နှုန်းက Xiaomi ဖုန်းတွေ အထူးသဖြင့် Redmi Note 4 ကို ဝယ်ယူကြတာကြောင့် Xiaomi က အိန္ဒိယရဲ့ အရောင်းရဆုံးကုမ္ပဏီအဖြစ် သုံးလပတ်သုံးကြိမ်ဆက် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“အိန္ဒိယရဲ့ ရောင်းအားအကောင်းဆုံးစမတ်ဖုန်း ငါးခုမှာ သုံးခုက Xiaomi ထုတ်ကုန်တွေဖြစ်တယ်” လို့ Counterpoint Research မှ associate director ဖြစ်သူ Tarun Pithak က ပြောကြားခဲ့ပါတယ်။

တရုတ်ဖုန်းကုမ္ပဏီဟာ အာရှမှာ အောင်မြင်မှုတွေရရှိနေပေမယ့်လည်း အမေရိကန်ဈေးကွက်ကို တိုးချဲ့ဖို့အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ Xiaomi ရဲ့ ပရီမီယံ bezel-free ဖုန်းဖြစ်တဲ့ Mi Mix 2 ကိုသာ အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝန်းထံ ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: CNET