Xiaomi ဟာ ဒီနှစ်အတွင်း အိန္ဒိယမှာ ထုတ်ကုန် ၇ မျိုးကို မိတ်ဆက်ထားပေမယ့် ထုတ်ကုန်သစ်တွေ ဆက်လက်မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပုံရပါတယ်။ မကြာခင်မှာ ထုတ်ကုန်သစ်တစ်မျိုးကို အိန္ဒိယနိုင်ငံမှာ ထပ်မံမိတ်ဆက်ဖို့ရှိတယ်လို့ Xiaomi အိန္ဒိယ အကြီးအကဲ မာနူကူမာဂျေက tweet တစ်ခုနဲ့ အရိပ်အမြွက်ဖော်ပြခဲ့ပါတယ်။ အဲဒီ tweet မှာပါဝင်တဲ့ပုံမှာ အိန္ဒိယနိုင်ငံ အလံရဲ့အရောင်အမျိုးမျိုးကို “i” ပုံစံ သရုပ်ဖော်ထားပါတယ်။ အဲဒီထုတ်ကုန်ကို အိန္ဒိယဈေးကွက်မှာ ရောင်းချသွားဖို့ရှိပါတယ်။
"i" is coming soon!
Any guesses what is this? 🤔 @XiaomiIndia pic.twitter.com/rfmXuA8dfq
— #MiFan Manu Kumar Jain (@manukumarjain) November 18, 2017
Xiaomi အမှုဆောင်အရာရှိချုပ် လေဂျွန်ကလည်း အိန္ဒိယနိုင်ငံအတွင်းက ထုတ်ကုန်ရင်းနှီးမြှုပ်နှံမှုကို ထပ်မံတိုးချဲ့သွားမယ်လို့ ပြောခဲ့ပါတယ်။ Xiaomi ဟာ တရုတ်နိုင်ငံမှာ ထမင်းပေါင်းအိုးကနေ ဝက်အူလှည့်တွေအထိ ထုတ်ကုန်အမျိုးအစားပေါင်း ၂၀၀ ကျော်ကို ရောင်းချနေပေမယ့် အိန္ဒိယမှာတော့ ထုတ်ကုန်အမျိုးအစား ၂၀ ကျော်ပဲ ရောင်းချနေပါတယ်။ လာမယ့် လအနည်းငယ်အတွင်းမှာ Xiaomi ဟာ အိန္ဒိယနိုင်ငံမှာ ထုတ်ကုန်များစွာကို တိုးချဲ့ရောင်းချသွားဖို့ စီစဉ်နေပါတယ်။
“အိန္ဒိယဈေးကွက်ထဲမှာ အရည်အသွေးမြင့်ထုတ်ကုန်တွေကို ရောင်းချဖို့ ကျွန်တော်တို့ စိတ်ဝင်စားပါတယ်။ ဥပမာအနေနဲ့ ဒီဘောပင် (ဘောပင်ကို ပြ၍) က ၂ ဒေါ်လာကျသင့်ပြီး ရေးရတာ အရမ်းချောမွေ့ပါတယ်။ နောက်ဥပမာတစ်ခုက ဝက်အူလှည့်ဖြစ်ပြီး လက်ရာသေသပ်ပါတယ်။ တရုတ်နိုင်ငံမှာ ကျွန်တော်တို့က ယွမ် ၁၀၀ နဲ့ ရောင်းပါတယ်။ အခြားပြိုင်ဘက်တွေရဲ့ထုတ်ကုန်က အရည်အသွေးက ဆယ်ဆဆိုးဝါးပြီး သုံးဆလောက် ဈေးကြီးပါတယ်။ Xiaomi ကထုတ်တဲ့ ဝက်အူလှည့်တွေကို အင်ဂျင်နီယာတွေက ပိုကြိုက်ကြတယ်” လို့ Xiaomi အမှုဆောင်အရာရှိချုပ်က အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
စိုးထက်
Ref: AndroidCentral