အိမ်သန့်ရှင်းရေး တစ်ခုလုံး လုပ်ပေးနိုင်မယ့် Samsung စက်ရုပ်

Samsung ကတော့ အိမ်ထောင်မှုလုပ်ငန်းတွေ ဖြစ်တဲ့ အဝတ်လျှော်၊ ပန်းကန်ဆေး၊ ထမင်းပွဲပြင်တာ၊ ဝိုင်ငှဲ့တာ အပြင် သောက်စရာလည်း ယူဆောင်ပေးနိုင်တဲ့ စက်ရုပ်ကိုတော့ CES ပွဲမှာ မိတ်ဆက်လိုက်ပါတယ်။ Bot Handy အမည်ရ စက်ရုပ်ကတော့ ကင်မရာနဲ့ AI ကိုအသုံးပြုပြီး အရာဝတ္ထုတွေကို မှတ်သားပေးနိုင်တယ်လို့ Samsung ကပြောခဲ့ပါတယ်။

Bot Handy စက်ရုပ်ဟာ မီးဖိုချောင်၊ ဧည့်ခန်းနဲ့ နေအိမ်တွင်းက ရှင်းလင်းဖို့ လိုတဲ့ကိစ္စမှန်သမျှကို လုပ်ပေးနိုင်တယ်လို့ Samsung Research ဥက္ကဋ္ဌ ဆီဘတ်ရှန်ဆောင်းက CES သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အခုအခါမှာတော့ Bot Handy ဟာ တင်ပို့ရောင်းချမယ့် ထုတ်ကုန်ဖြစ်ပြီလား ဆိုတာ သေချာမသိသေးပါဘူး။ Samsung ကတော့ ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကိုတော့ မကြေညာခဲ့ပါဘူး။

Samsung ဟာ CES ပြပွဲမှာ ရောင်းချမယ့် ထုတ်ကုန်တွေထက် concept ဆန်တဲ့ ခေတ်ရှေ့ပြေးနည်းပညာတွေကို ပြသလေ့ရှိပါတယ်။ စက်ရုပ်ကတော့ ဖန်တီးနေဆဲပဲ ရှိသေးတယ်လို့ Samsung ကပြောထားပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««